
၅
ကျွန်တော်တို့ နိုင်ငံသားတွေ ဖြစ်ခဲ့တယ်
အမျိုးသားမှတ်ပုံတင်ကတ်ပြားများ
“ကျွန်တော့်မှာရော ကျွန်တော့်မိဘတွေမှာရော နိုင်ငံသား သက်သေခံကပ်ပြားတွေရှိကြတယ်။ ကျွန်တော့်မိဘတွေက ၁၉၅၇ ခုနှစ်မှာ သက်သေခံကပ်ပြားရကြတယ်။ ဒါက ကျွန်တော်တို့ဟာ ဒီနိုင်ငံရဲ့ နိုင်ငံသားတွေဖြစ်တယ်ဆိုတာကို သက်သေပြနေတာပါပဲ။ တခြားသော တိုင်းရင်းသားအုပ်စုတွေမှာလည်း တူညီတဲ့ သက်သေခံကပ်ပြားတွေရှိကြတယ်။ ဝန်ကြီးချုပ်ဦးနုရဲ့ သက်သေခံကပ်ပြားတောင်မှ ကျွန်တော်တို့နဲ့ တူတူပါပဲ
“ဒါပေမယ့် သူတို့တွေက ကျွန်တော်တို့တွေရဲ့ နိုင်ငံသားဖြစ်မှုကို တဆင့်ပြီးတဆင့် ပယ်ဖျက်ပြီး အဆင့်တွေလျှော့ခဲ့ကြတယ်။ သူတို့တွေက ဒီအထောက်အထားတွေ၊ သက်သေခံကပ်ပြားတွေကို စတင်သိမ်းဆည်းခဲ့ကြပြီး ကျွန်တော်တို့ရဲ့ မျိုးနွယ်နဲ့ လူ့အခွင့်အရေးတွေဟာ ဒီနိုင်ငံထဲမှာပဲ စနစ်တကျနဲ့ကို ပျောက်ကွယ်လာရတယ်”
မိုဟာမက် အာရု၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊ ၂၀၁၉။
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေပြဌာန်းပြီးနောက် ပါလီမန်အစိုးရက မြန်မာပြည်တွင်းရှိကြသည့် နိုင်ငံခြားသားများနှင့် နိုင်ငံသားများအားလုံး၏ မှတ်ပုံတင်ခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။ ထိုသို့စတင်လုပ်ဆောင်ရခြင်း၏ အဓိကအကြောင်းရင်းများထဲမှတစ်ခုမှာ ကမောက်ကမဖြစ်နေသည့် လူဝင်မှုကြီးကြပ်ရေး အထူးသဖြင့် အရှေ့ပါကစ္စတန် နှင့်ထိစပ်နေရာ အနောက်နယ်စပ်နှင့် တရုတ်နယ်စပ်တလျှောက်၌ လျှော့ချကန့်သတ်နိုင်ရန်ဖြစ်သည်။ ပထမဆုံး သက်သေခံကပ်ပြားများကို ၁၉၅၀ ပြည့်နှစ်ကာလများတွင် စတင်ထုတ်ပေးခဲ့ပြီး ထိုကာလများကို ဒီမိုကရက်တစ်မြန်မာနိုင်ငံ၏ “ရွှေခေတ်” ဟု တင်စားခေါ်ခဲ့ကြသည်။ သက်သေခံကပ်ပြားများ မထုတ်ပေးမီက မှတ်ပုံတင်ဌာနမှ အရာရှိများမှာ လျှောက်ထားသူ တစ်ဦးတစ်ယောက်ချင်းစီ၏ လျှောက်လွှာများကို သေသေချာချာ စိစစ်အတည်ပြုရန် ညွှန်ကြားခံခဲ့ကြရသည်။ နိုင်ငံခြားသားဟု မှတ်ယူခံရပါက နိုင်ငံခြားသားဖြစ်ကြောင်း သက်သေခံကပ်ပြားများ ရကြပြီး ရိုဟင်ဂျာများအပါအဝင် နိုင်ငံတွင်းနေထိုင်သူဟု မှတ်ယူခံရသူများက နိုင်ငံသားဖြစ်ကြောင်း သက်သေခံကပ်ပြားများ ကို ရခဲ့ကြသည်။ သက်သေခံကပ်ပြား ပိုင်ဆိုင်ခြင်းသည် မြန်မာ နိုင်ငံသားဟု အသိအမှတ်ပြုခံရခြင်းဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပင်ထင်မြင်ခဲ့ကြသည်။ မြန်မာပြည်လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၂၀ ကျော်ကြာသည်အထိ ရိုဟင်ဂျာများအပါအဝင် နိုင်ငံတဝန်းရှိ နိုင်ငံသားများအားလုံးက ထိုကဲ့သို့ တူညီသောသက်သေခံကပ်ပြားများကို ကိုင်ဆောင်ခဲ့ကြသည်။ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတွင် ရိုဟင်ဂျာများမှာ ပိုပြီး စနစ်တကျ လုပ်လာသည့် ခွဲခြားဖယ်ထုတ်ခြင်းကို ကြုံခဲ့ရသည်။ ၎င်းတို့၏ သက်သေခံကပ်ပြားများပေါ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများက ခွဲခြားဆက်ဆံသည့် တံဆိပ်တုံးများထုပေးခဲ့သည်။ နောက်ဆုံးတွင် အစိုးရက ရိုဟင်ဂျာများ၏ သက်သေခံကပ်ပြားများကို သိမ်းဆည်းခဲ့သည်။ သို့သော် ရိုဟင်ဂျာအများအပြားက ထိုကပ်ပြားများကို လျှို့ဝှက်စွာသိမ်းဆည်းထားခဲ့ကြသည်။ ယနေ့ထိ တိုင်အောင် ရိုဟင်ဂျာများထံ၌ ၎င်းတို့မှာ တိုင်းပြည်နှင့် ဆက်နွယ်နေမှုရှိကြောင်း သက်သေပြနိုင်ရန် ၎င်းတို့၏ ဘိုးဘွားမိဘများ ကိုင်ဆောင်ခဲ့ကြသော မူရင်းသက်သေခံကပ်ပြားများရှိနေကြဆဲဖြစ်သည်။
“မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် နိုင်ငံခြားသားဖြစ်ကြောင်း သက်သေခံကပ်ပြားတွေကို နိုင်ငံခြားသားတွေကို ထုတ်ပေးခဲ့တယ်။ မြန်မာနိုင်ငံသားတွေကိုတော့ နိုင်ငံသားဖြစ်ကြောင်း သက်သေခံကပ်ပြားတွေ ပေးခဲ့တယ်။ မူဆလင်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာ ဖြစ်ဖြစ်၊ ရှမ်း၊ ကချင်၊ ကရင်၊ ဗမာ ဒါမှမဟုတ် ရိုဟင်ဂျာပဲ ဖြစ်ဖြစ် နိုင်ငံသားလို့ အတည်ပြုထားပြီးသူတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကပ်ပြားထုတ်ပေးခဲ့တယ်။ အမျိုးသမီးတွေကို ပန်းရောင်ကပ်တွေ ပေးပြီး အမျိုးသားတွေဆိုရင် အစိမ်းရောင်ကပ်တွေထုတ်ပေးခဲ့တယ်။ ရိုဟင်ဂျာတွေကို ထုတ်ပေးခဲ့တဲ့ ကပ်တွေဟာ တခြားတိုင်းရင်းသားလူမျိုးစုတွေကို ထုတ်ပေးခဲ့တဲ့ကပ်တွေနဲ့ တူတူပါပဲ။ ကျွန်တော်တို့အားလုံးဟာ နိုင်ငံသားတွေဖြစ်ခဲ့ပါတယ်။”
အမန်အူလာ၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊ ၂၀၂၃။
“ကျွန်တော့် ဘိုးဘွားတွေအချိန်တုန်းက ဘာခွဲခြားဆက်ဆံမှုမှမရှိခဲ့ဘူး။ မြန်မာပြည်မှာ မွေးသူတွေဖြစ်တဲ့ အတွက် သက်သေခံကပ်ပြားတွေရခဲ့ကြတယ်။ ကျွန်တော်တို့က မူရင်းကပ်ပြားတွေရခဲ့တယ်။ အာကျပ်မှာ ထုတ်ပေးတဲ့ ကပ်တွေကို “AK” လို့ ထည့်ရေးပြီး ဘူးသီးတောင်မှာ ထုတ်ပေးတဲ့ဟာတွေကိုကျတော့ ID ကုဒ်လိုမျိုး “BTG” လို့ ထည့်ပေးထားတယ်။ သူတို့ဟာ ဘူးသီးတောင်ဒေသခံဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ကျွန်တော်တို့ဟာ မြန်မာပြည်မှာမွေးခဲ့ကြတာကြောင့် နိုင်ငံသားဖြစ်ခွင့်လည်းရသင့်ပါတယ်။”
မိုဟာမက် တဟာ၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊ ၂၀၁၈။
“တကယ်လို့ ကျွန်တော်တို့မှာ ဒီအထောက်အထားတွေ တစ်ခုမှ မရှိခဲ့ဘူးဆိုရင် သူတို့အနေနဲ့ ကျွန်တော်တို့ကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ်လုပ်ဖို့ အရမ်းလွယ်သွားပြီ။ ကျွန်တော်တို့ဟာ မြန်မာပြည်က ဌာနေဒေသခံတွေဖြစ်တယ်ဆိုတာကို ပြနေတဲ့ ဒီအထောက်အထားတွေ အကုန်လုံးရှိနေတာကြောင့် သူတို့တွေ အောင်မြင်ကြမှာ မဟုတ်ဘူး”
ဆိုလင်အူလာ၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊ ၂၀၂၃။