ပရောဂျက် အကြောင်း

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူထု၏ သမိုင်းနှင့် စပ်လျဥ်းလျှင် မေးခွန်းထုတ်ခံရခြင်းက အကောင်းဆုံးမျှော်လင့်နိုင်သည့် အခြေအနေဖြစ်ပြီး အဆိုးဆုံးနှင့် လက်တွေ့ရင်ဆိုင်နေရသည်မှာ လုံးလုံးလျားလျား ငြင်းပယ်လျစ်လျူရှုခံရခြင်းပင်ဖြစ်သည်။ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် တရားဝင်အထောက်အထားများမှာမူ ဖျောက်ဖျက်ခံခဲ့ရသည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ ကြာကာလအတွင်း အတင်းအကြပ်နေရပ်စွန့်ခွာခံရခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခံရခြင်းနှင့် အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာများ၏ သမိုင်းရုပ်ပုံမှတ်တမ်းအများစုမှာ ပျောက်ဆုံးသွားခြင်း၊ သိမ်းယူခံရခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းများ ရှိခဲ့သည်။ ဤသို့ဖျက်ဆီးခံရမှုမှာ ယနေ့တိုင် ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။ ထို့ကြောင့် ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့ အသိုက်အဝန်း၏ စုပေါင်းအမှတ်တရများ၊ ကိုယ်ပိုင်လက္ခဏာနှင့် သမိုင်းမှတ်တမ်းများကို ထိန်းသိမ်းကာ အခြားသူများနှင့် မျှဝေနိုင်မည့် နည်းလမ်းများကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။

Ek Khaale သည် လူအများပေါင်းစည်းပါဝင်ပြီး ဇာတ်ကြောင်းများကို မှတ်တမ်းတင်ကာ ရုပ်ပုံများဖြင့် ပြန်လည်ဖော်ဆောင်သည့် ပရောဂျက်တစ်ခုဖြစ်သည်။ လူမျိုးတုံးသတ်ဖြတ်အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာ ဦးရေ တစ်သန်းခန့်မှ လေးပုံသုံးပုံခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် ၇ နှစ်အကြာ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် ဓာတ်ပုံဆရာ Greg Constantine က Ek Khaale ပရောဂျက်ကို စတင်ထုတ်ဝေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများအပြင် မြန်မာနိုင်ငံတွင်းနေထိုင်ဆဲဖြစ်သည့် ရိုဟင်ဂျာများ၊ ​ဗြိတိန်၊ ကနေဒါ၊ အမေရိကန်၊ မလေးရှားနှင့် ဥရောပတို့တွင် နေထိုင်ကြသော ပြည်ပရောက် ရိုဟင်ဂျာများနှင့် အတူတကွပူးပေါင်းလုပ်ဆောင်ခဲ့သည့် ပရောဂျက်လည်းဖြစ်သည်။

ရိုဟင်ဂျာလူငယ်များ၊ ရိုဟင်ဂျာလူကြီးသူမများနှင့် အတူလက်တွဲလုပ်ကိုင်ခဲ့သည့် ယခု ပရောဂျက်သည် ရိုဟင်ဂျာများက အံ့ဖွယ်နည်းဖြင့် ကောင်းစွာထိန်းသိမ်းထားခဲ့သည့် မှတ်တမ်းမှတ်ရာများ၊ တစ်ခါတစ်ရံတွင် အန္တရာယ်များရင်း၍  နှစ်ပေါင်းများစွာ လျှို့ဝှက်စွာသိမ်းဆည်းထားရသော သို့မဟုတ် တွေး၍ပင်မရလောက်သည့် အခြေအနေများအောက်မှာပင် ၎င်းတို့နှင့်အတူ ကယ်ဆယ်သယ်ယူလာကြသည့် သမိုင်းဝင် မှတ်တမ်းမှတ်ရာများကို ရှာဖွေဖော်ထုတ်ထားခြင်းဖြစ်သည်။

ရိုဟင်ဂျာများက ပံ့ပိုးပေးခဲ့သော ဓာတ်ပုံဟောင်းများ၊ မိသားစုပိုင် ပစ္စည်းများ၊ မှတ်တမ်းမှတ်ရာ အထောက်အထားများ၊၊ စာများ နှင့် သရုပ်ဖော်ပုံများကို ပုဂ္ဂလပိုင် သို့မဟုတ် အများပြည်သူလက်လှမ်းမီနိုင်သည့် မှတ်တမ်းများမှ ရရှိသော သမိုင်းအချက်အလက်များနှင့် ပေါင်းစည်းထားခြင်းဖြစ်သည်။ ဤမိသားစုမှတ်တမ်းများနှင့် လူ့အဖွဲ့အစည်းတစ်ခုအဖြစ်  သမိုင်းဝင်တည်ရှိခဲ့မှုဆိုင်ရာ သက်သေခံအထောက်အထားများမှာ ရိုဟင်ဂျာလူထုကဲ့သို့ပင် ကမ္ဘာအနှံ့တွင် ပြန့်ကျဲနေခဲ့သည်။ ဤပရောဂျက်က အတိတ်တွင်ရှိခဲ့သော ထို မှတ်တမ်းများ၊ ဇာတ်လမ်းများကို ပစ္စုပ္ပန်ကာလသို့ ပြန်လည်သယ်ဆောင်လာပေးခြင်းဖြစ်သည်။

အပြန်အလှန်ရေးသားခဲ့ကြသည့် စာလွှာဟောင်းများနှင့် သက်ရှိထင်ရှား နေထိုင်ဆဲဖြစ်ကြသည့် ရိုဟင်ဂျာများ၏ ပြောစကားများကို ရုပ်ပုံမှတ်တမ်းများနှင့် ပေါင်းစပ်ပုံဖော်ထားသည်။ အတူတကွပေါင်းစည်းလိုက်ခြင်းဖြင့် ထိုမှတ်တမ်းများ၊ ပြောစကားများသည် ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည့် ၎င်းတို့၏ ဇာတိမြေ အာရကန်ပြည်နှင့် တဖြည်းဖြည်းချင်း စနစ်တကျ ဖယ်ထုတ်ခြင်းမခံရမီ ၎င်းတို့ပါဝင်ကူညီတည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံတို့အကြား ၎င်းရိုဟင်ဂျာတို့၏ ကာလရှည်ကြာစွာ နက်နက်ရှိုင်းရှိုင်းရှိလာခဲ့သော ဆက်နွယ်မှုတို့ကို မြင်သာလာအောင်ပုံဖော်ပေးသည်။

ဤကဲ့သို့ ဖုံးကွယ်နေသောအတိတ်ကာလကို ဖော်ထုတ်ခြင်းဖြင့် ယခုပရောဂျက်သည် လူအများစုက တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိသည့် ရိုဟင်ဂျာများ၏ ပုံရိပ်များကို ပြသရုံသာမက မြန်မာစစ်အစိုးရအဆက်ဆက်နှင့် အခြားသူများက ဖျက်ဆီးရန် ဆယ်စုနှစ်ပေါင်းများစွာကြိုးပမ်းခဲ့ကြသည့် အရာတစ်ခုကို ပြန်လည်တည်ဆောက်ရန်နှင့် မေးခွန်းထုတ်ရန်လည်း ရည်ရွယ်ပါသည်။

This project has been supported by:

Fiscal Sponsorship by: CENTER Santa Fe/Blue Earth: