
၆
ဖြစ်တည်မှု အထောက်အထား
မိသားစုဖြစ်ရပ်များ၊ ဆက်နွယ်မှုနှင့် ကျန်ရှိနေသည့်အရာများ
“သူတို့တွေက ကျွန်တော်တို့ဟာ ဒီတိုင်းပြည်က မဟုတ်ဘူးလို့ ပြောချင်ကြတယ်။ သူတို့က ကျွန်တော်တို့ကို ဘင်္ဂလီအဖြစ် ပုံဖော်ချင်ပြီး တိုင်းပြည်ကနေ နှင်ထုတ်ကြတယ်။ သူတို့ အရင်ကလည်း နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေ အများကြီးလုပ်ခဲ့ဖူးတယ်။ တကယ်လို့ ကျွန်တော်တို့ တတ်နိုင်တဲ့အခါ တစ်နေ့နေ့ သူတို့ကို ဒီအထောက်အထားတွေပြလို့ရမယ်ဆိုရင် ကျွန်တော်တို့ဟာ ဘင်္ဂလီတွေပါလို့ သူတို့ပြောလို့ရမှာမဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ကို ဘင်္ဂလီ လုပ်ဖြစ်လို့ရမှာ မဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ကို တိုင်းရင်းသားလူမျိုးဖြစ်မှုကို ပေးရမှာပါ”
နူရ်အလာမ်၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊
၂၀၁၈။
နှစ်ပေါင်း ၁၂၄ နှစ်နီးပါး ဗြိတိသျှကိုလိုနီနိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်မှာ ကြိုးနီစနစ်ဖြင့်သာ လည်ပတ်နေခဲ့သည်။ တရားဝင်ဖြစ်မှု၊ အလုပ်ခန့်ထားမှု၊ မြေယာပိုင်ဆိုင်မှု၊ အခွန်ကောက်ခံခြင်း၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ပင်စင်ခံစားခွင့်၊ ခရီးသွားလာခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် ကုန်သွယ်ခြင်းတို့အပြင် နိုင်ငံရေးတွင် ပါဝင်မှုမှအစ ကိစ္စရပ်များအားလုံးအတွက် မှတ်တမ်းများ၊ အထောက်အထားများနှင့် အခြားသော စာရွက်စာတမ်းများကို တရားဝင်အထောက်အထာများအဖြစ် အသုံးပြုကြသည်။ တစ်ချိန်က အာရကန်ပြည်မြောက်ပိုင်းသည် မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေး အတင်းကြပ်ဆုံးသော နယ်မြေများထဲမှတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်တိုင်အောင် ထို ကြိုးနီစနစ်ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့သော မူဝါဒများ၊ ခေတ်အဆက်ဆက် စစ်အစိုးရများက ကျင့်သုံးလာခဲ့သည့် ခွဲခြားဆက်ဆံမှုနှင့် ယိုင်နဲ့နေသောတရားစီရင်ရေးကြောင့် ထို အထောက်အထားများမှာ တန်ဖိုးမရှိသလိုဖြစ်နေခဲ့သည်။ ဆိုးရွားလှသည့် ဖိနှိပ်ညှင်းပန်းမှု၊ အကြမ်းဖက်မှုနှင့် နေရပ်ရွှေ့ပြောင်းရမှုတို့၏ သားကောင်ဖြစ်နေသည့်တိုင်အောင် ရိုဟင်ဂျာများသည် မိသားစု အမွေအနှစ်များကို ဖော်ပြနေသည့် အထောက်အထားများ၊ အာရကန်ပြည်နှင့် သမိုင်းကြောင်းအရ ဆက်နွယ်နေမှုဆိုင်ရာ အထောက်အထားများကို သိမ်းဆည်းနိုင်ခဲ့ကြသည်။ ထိုအထောက်အထားများကို မျိုးဆက် အဆက်ဆက် သေချာစွာ လက်ဆင့်ကမ်းခဲ့ကြပြီး တစ်ခါတစ်ရံတွင် လူမမြင်အောင် လျှို့ဝှက် သိမ်းဆည်းထားခဲ့ကြသည်။ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ‘နယ်မြေရှင်းလင်းစစ်ဆင်ရေး’ များနှင့် သိန်းချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ အစုလိုက်အပြုံလိုက်ထွက်ပြေးခဲ့ရသည့် ဖြစ်ရပ်မှာမူ မကြုံစဖူးဖြစ်သည်။ ဝရုန်းသုန်းကားအခြေအနေများ၊ အကြမ်းဖက်မှုများနှင့် အိမ်များ၊ ရွာများ ပြာကျသွားသည်အထိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်တိုင်အောင် ရိုဟင်ဂျာများက ၎င်းတို့၏ နောက်ဆုံးကျန်နေသေးသော မိသားစုပိုင် အမွေအနှစ်များဖြစ်သည့် အထောက်အထားများကို အံ့သြဖွယ်ကောင်းလောက်အောင်ပင် မရရအောင် သယ်ဆောင်လာခဲ့ကြသည်။ အချို့မှာ ၁၈၀၀ ပြည့်နှစ်ကာလများက ရေးသားခဲ့သည့် ကိုယ်ရေးအထောက်အထားများနှင့် ဝါကျင်ဟောင်းနွမ်းနေပြီဖြစ်သည့် စာရွက်စာတမ်းများပင်ပါရှိသည်။
ယခုအခန်းထဲတွင် ထို ‘ကိုယ်ရေးအထောက်အထားများ’ ကို အတိတ်၏ အရေးပါပုံနှင့် ယနေ့အချိန်တွင် ထို အချက်အလက်များ၏ တန်ဖိုးရှိပုံတို့ကို လူတစ်ယောက်ချင်းစီ၏ ပြောပြချက်များနှင့် ပေါင်းစပ်၍ ဖော်ပြထားခြင်းဖြစ်သည်။
သီးသန့်ကြည့်ပါက ကိုယ်ရေးအထောက်အထားတစ်ခုချင်းစီမှာ လူတစ်ယောက်ချင်းစီ သို့မဟုတ် မိသားစု တစ်ခုချင်းစီ၏ အကြောင်းကို ပြောပြနေခြင်းဖြစ်သည်။ အားလုံးကို စုပေါင်း၍ ကြည့်ပါက ၎င်းတို့မှာ မြန်မာနိုင်ငံနှင့်ဆက်နွယ်ပါဝင်နေသည့် ရိုဟင်ဂျာလူထုအသိုက်အဝန်းတစ်ခု၏ တည်ရှိမှု အကြောင်းကို ပြောပြနေခြင်းပင်ဖြစ်သည်။

အတာရ်၏ မိသားစုပိုင် မှတ်တမ်းများထဲမှ ၁၉၀၀ ခုနှစ်များ အစောပိုင်းကာလ ရက်စွဲတပ်ထားသည့် မြေယာအထောက်အထားများ၊ မြေခွန်ပေးထားသည့် ပြေစာများ နှင့် မြေအစားထိုးလျော်ကြေးပေးသည့် စာချုပ်များ။ ထို အထောက်အထားများသည် ၁၈၀၀ ပြည့်နှစ်များက ရိုဟင်ဂျာများမှာ မြေပိုင်ဆိုင်သူများဖြစ်ခဲ့ကြကြောင်းကိုလည်း ပြသနေသည်။
“ကျွန်တော်တို့ဟာ ဘော်လီဘာဇားက မိသားစုကြီးတစ်ခုရဲ့ ဆက်ခံသူတွေ ဖြစ်ပါတယ်။ ဒီမြေယာအထောက်အထားတွေဟာ ရိုဟင်ဂျာတွေအတွက် သက်သေခံအဖြစ်ပြဖို့ စုဆောင်းထားခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်အဖေနဲ့ တခြားသူတွေက ဒါတွေကို သိမ်းဆည်းထားခဲ့တာ။ မြန်မာအစိုးရက ဘာပဲပြောပြော ကျွန်တော်တို့မှာ ဒီအထောက်အထားတွေရှိတယ်။ ဒါတွေရှိတဲ့ အတွက်ကြောင့် ကျွန်တော့်မိသားစုရဲ့သမိုင်းကြောင်းကို ပြောပြနိုင်တယ်။ နောက်ပြီးတော့ ဒီမိသားစုရဲ့ ဆက်ခံသူတွေဟာလည်း ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာ ပြောနိုင်ပါတယ်”
အတာရ် အိတ်ချ်၊ ၃၅ နှစ်

မောင်တောမြို့မှ ရိုဟင်ဂျာ မိသားစုတစ်ခု၏ မိသားစုပိုင် အထောက်အထားများ။ ညာဘက်တွင်ရှိသော စာရွက်စာတမ်းမှာ မြေပိုင်ဆိုင်မှုကို ပြသည့် မြေဂရန်စာဖြစ်သည်။ ထိုစာကို ဧပြီလ ၁၃ ရက်၊ ၁၈၈၁ ခုနှစ်က ရေးသားခဲ့ခြင်းဖြစ်သည်။
“ဟိုးအရင်တုန်းက ကျွန်တော်တို့အားလုံး အကုန်တူတူပဲလို့ အဖေက ပြောခဲ့ဖူးတယ်။ တခြားလူတွေနဲ့ အတူနေထိုင်ခဲ့ကြတယ်။ အရင်ကာလတွေတုန်းက နေရတဲ့ဘဝက ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့တယ်လို့ ကျွန်တော့်အဖေက ပြောတယ်။ ကျွန်တော့်ကိုမွေးပြီးတော့ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့အခါ သူတို့က စိတ်ပူလာတယ်လို့ ပြောတယ်။ ဒီလူတွေက တစ်နေ့ကျရင် ငါတို့ကို နှင်ထုတ်ကြမှာလို့ သူတို့က ကျွန်တော့်ကို ပြောတယ်။ ဒီအထောက်အထားအားလုံးက ကျွန်တော်တို့ဟာ အာရကန်ပြည်ရဲ့ မူလဘူတဖြစ်တယ်ဆိုတာကို သက်သေခံနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါတွေအားလုံးကို ပြန်ကြည့်ရင် ကျွန်တော်တို့ဟာ ဘယ်သူတွေလဲဆိုတာနဲ့ ဒီမှာ ဘယ်လောက်ကြာအောင် နေထိုင်ခဲ့ကြသူတွေလဲဆိုတာခင်ဗျားမြင်နိုင်ပါလိမ့်မယ်”
နူရူလ် ဘီ၊ ၆၀ နှစ်။
မောင်တောမြို့မှ ရိုဟင်ဂျာမိသားစုတစ်ခု၏ မြေယာပိုင်ဆိုင်မှု အထောက်အထားကို ဝါးချပ်ပေါ်တွင်ထွင်းထားပုံ။ ထို အထောက်အထားမှာ ၁၈၉၂ ခုနှစ် ရက်စွဲဖြင့် ဖြစ်သည်။

မောင်တောမြို့မှ နူရ်အက်စ် ၏ ဘိုးဘေးများရရှိခဲ့သော အဝတ်ပိုင်းပေါ်တွင် ရေးပေးထားသည့် မြေယာပိုင်ဆိုင်မှုအထောက်အထားများနှင့် မြေကွက်နေရာပြထားသည့် မြေပုံ။ ထို အထောက်အထားများမှာ ၁၉၁၀ခုနှစ် မှ ၁၉၁၅ ခုနှစ် ကာလအထိရက်စွဲများဖြင့် ဖြစ်သည်။

ဆာလေအာမက် (အလယ်) မှာ ၁၉၄၉ ခုနှစ်က ရွာသူကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၎င်းမှာ ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းတွင် ကွယ်လွန်ခဲ့သည်။ ပုံတွင်ဖော်ပြထားသည်များမှာ ဆာလေအာမက်၊ ၎င်း၏ အစ်ကို၊ သားနှင့် ၎င်းတို့ဇနီးများ ၏ မူရင်း မှတ်ပုံတင်ကတ်ပြားများ၊ ၁၉၅၉ ခုနှစ်က ထုတ်ပေးထားသည့် အိမ်ထောင်စုစာရင်း နှင့် ၁၉၄၉ ခုနှစ်က ရွာသူကြီးအဖြစ်ခန့်အပ်ထားသောစာတို့ ဖြစ်သည်။ ထို့ပြင် ၁၉၇၈ ခုနှစ်နှင့် ၁၉၈၁ ခုနှစ်က ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပေးထားသည့် မဲစာရင်းသက်သေခံကတ်ပြားနှစ်ခုလည်း ပါရှိသည်။
“ကျွန်တော့်အဘိုးက နှစ်ပေါင်း ၄၀ နီးပါးလောက် ရွာသူကြီးဖြစ်ခဲ့တာ။ အာရဘီကျောင်းမှာလည်း စာသင်ပေးခဲ့တယ်။ လူအများကြီးက လေးစားရတဲ့သူဖြစ်ပြီး ရပ်ရွာကောင်စီမှာလည်း အဖွဲ့ဝင်ဖြစ်ခဲ့တာ။ ကျွန်တော့်မိသားစုက မြေနေရာအများကြီးပိုင်ဆိုင်ခဲ့ပြီးတော့ မောင်တောမြို့မှာ ဆွေစဥ်မျိုးဆက်နေလာခဲ့ကြတာပါ”
ရော်ဟိမ်း,
ဆာလေအာမက်၏ မြေး

အူလာမျာ (အလယ်) က ဒုတိယကမ္ဘာစစ်အတွင်း “V” တပ်ဖွဲ့ဝင် အဖြစ်ဖြင့် ဗြိတိသျှတို့အတွက် အမှုထမ်းခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရသည့်ကာလဖြစ်သော ၁၉၄၀ ခုနှစ်များတွင် ရိုဟင်ဂျာရပ်ရွာခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ ၎င်း၏ သားဖြစ်သူ (ဘယ်ဖက် အပေါ်) မှာ ကျောင်းဆရာတစ်ဦး ဖြစ်လာခဲ့သည်။
၁၉၅၀ ခုနှစ်များ အလယ်ခန့်တွင် မြန်မာပြည်၏ ပထမဆုံး အမျိုးသားမှတ်ပုံတင် သက်သေခံကပ်ပြားများကို ရှေ့ပြေးစီမံကိန်းအဖြစ် ထုတ်ပေးခဲ့ပြီး အာရကန်ပြည်မြောက်ပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သည်။ အူလာမျာ၏ မှတ်ပုံတင်ကတ်ပြားနံပါတ်မှာ ၀၀၀၀၂၅ ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းဖြင့် အစောဆုံးထုတ်ပေးခဲ့သည့် အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြားရသူများထဲမှ တစ်ယောက်မှာ အူလာမျာ ဖြစ်သည်ဟု ယုံကြည်ရသည်။
“ကျွန်တော့်အဖေဟာ ၁၉၄၄ ခုနှစ်ကတည်းက အစိုးရအတွက် အမှုထမ်း ပေးခဲ့တာ။ သူက စေတနာ့ဝန်ထမ်းလုပ်ပြီး ဗြိတိသျှ အုပ်ချုပ်နေစဥ်ကာလက ရိက္ခာဖြန့်ဖြူးရေးမှာ တာဝန်ယူခဲ့ရတယ်။ လွတ်လပ်ရေးရပြီးတော့ အကောက်ခွန်ဌာနမှာ အလုပ်ဝင်လုပ်တယ်။ ၁၉၆၆ ခုနှစ်မှာ အငြိမ်းစားယူလိုက်တယ်။ အဖေ့ကို ပေးခဲ့တဲ့ မှတ်ပုံတင်နံပါတ်က ၀၀၀၀၂၅ပါ။ မြန်မာပြည်တစ်ပြည်လုံးမှာ ၂၅ ခုမြောက် ကတ်ပြားပါ။ တကယ်လို့ ကျွန်တော့်အဖေက နိုင်ငံသားမဟုတ်ဘူးဆိုရင် ဒီမှတ်ပုံတင်ကတ်ပြားလည်း ရမှာမဟုတ်သလို အစိုးရအလုပ်လည်း လုပ်ရမှာမဟုတ်ဘူး။ ကျွန်တော့်အဘိုး၊ အဘေး၊ အဘီတွေ အကုန်လုံး ဒီနိုင်ငံထဲမှာပဲ မွေးခဲ့ပြီးတော့ ကျွန်တော်တို့ဟာ သူတို့တွေရဲ့ ဆက်ခံသူတွေဖြစ်ပါတယ်”
မီရ်ဇာ၊ ၆၁ နှစ်
အူလာမျာ၏ သားဖြစ်သူ

ခေါင်းစဥ်- ဟာရုနှင့်ဒေါ်ပေသီတို့မှ ဆင်းသက်လာသည့် မျိုးနွယ်စု စာရင်းမှတ်တမ်း။ လက်ရေးဖြင့် ရေးထားသော ဤစာအုပ်သည် ဘူးသီးတောင်မှ မိသားစုတစ်ခု၏ သမိုင်းကြောင်းကို ဖော်ပြထားခြင်း ဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင် ဟာရု၏ မွေးသက္ကရာဇ်မှာ ၁၈၂၉ ခုနှစ် ဖြစ်ပြီး ယခုစာအုပ်ထဲရှိ ၎င်းတို့မိသားစု စာရင်းမှာ ၁၈၆၈ ခုနှစ်တွင် စတင်သည်။






“ကျွန်တော့်အဘိုးက တရားသူကြီးဖြစ်ခဲ့ပြီး အဖေကတော့ ကျောင်းဆရာဖြစ်ခဲ့ပါတယ်။ သက်တမ်းအရင့်ဆုံး ဗလီတွေထဲက တစ်ခုဖြစ်တဲ့ မိချောင်းစျေးဗလီဟာ ကျွန်တော့်ရွာမှာ ၁၈၅၄ ခုနှစ်က ဆောက်ခဲ့တာပါ။ ကျွန်တော့်ဦးလေး မဆုံးခင်က သူနဲ့ ကျွန်တော့်အဖေက မိသားစုသမိုင်းကို အတူမှတ်တမ်းတင်ခဲ့ကြတယ်။ သူတို့ မှတ်မိနိုင်သလောက်ထိ ပြန်သွားပြီး ရေးခဲ့ကြတယ်။ ဒီစာအုပ်ထဲက မိသားစုသမိုင်းက ၁၈၆၈ ခုနှစ်ကနေစတယ်”
နူဂျီဘူလ်
အဘူလ်ဟူစိန်၏ မြေး

အူလာမျာ (ညာဖက်အပေါ်) က ၁၉၅၂ ခုနှစ်တွင် ရဲဝန်ထမ်းဖြစ်လာခဲ့သည်။ ၎င်း၏ တာဝန်ထမ်းဆောင်မှုအတွက် အလွန်ချီးမြှောက်ခံခဲ့ရသူဖြစ်သည်။ ၁၉၅၀ ပြည့်ကာလများတွင် အာရကန်ပြည်အပါအဝင် မြန်မာပြည်အနှံ့၌ လက်နက်ကိုင်ပုန်ကန်မှုများ ဖြစ်ပေါ်ခဲ့ပြီး အာရကန်ပြည်ရှိ လက်နက်ကိုင်များကို မြန်မာသတင်းစာများက မူဂျာဟစ်များဟု ခေါ်ခဲ့ကြသည်။ ၁၉၅၆/၅၇ ခုနှစ်တွင် အူလာမျာက အာရကန်ပြည်ရှိ မူဂျာဟစ်အကြီးအကဲကို ဖမ်းဆီးနိုင်ခဲ့သည်။
ဖော်ပြထားသည့်ပုံထဲပါဝင်သည်မှာ အူလာမျာ၏ ရဲသက်သေခံကတ်ပြား၊ အမှုထမ်းကောင်းလက်မှတ်များနှင့် ရဲဝန်ထမ်းများ ဆောင်ရန်/ရှောင်ရန် လက်စွဲတို့ဖြစ်သည်။ အငြိမ်းစားယူပြီးနောက် အစိုးရပင်စင်လစာကို ရရှိခဲ့သည်။ ပင်စင်စာအုပ်မှာလည်း ဓာတ်ပုံထဲတွင် ပါဝင်သည်။
“ကျွန်တော့်အဖိုးက ရဲ၊ အဖေကလည်း ရဲပဲ၊ နောက်ပြီးတော့ ရဲကြပ် ဖြစ်ခဲ့တယ်။ ၁၉၉၅ ခုနှစ်မှာ သူက အငြိမ်းစားယူတယ်။ ကျွန်တော်တို့က သူ့အတွက် အရမ်းဂုဏ်ယူခဲ့ကြတယ်။ ဒါကြောင့်လည်း ကျွန်တော့်အစ်ကိုတွေက ရဲတပ်ဖွဲ့ထဲဝင်ပြီး ကျွန်တော့် ယောက်ဖက စစ်တပ်ထဲဝင်တာ။ နိုင်ငံအတွက် သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုကို ကျွန်တော်တို့ ဂုဏ်ယူခဲ့ကြတယ်”
ဂူရာ အမ်
အူလာမျာ ၏ မြေး
အူလာမျာ၏ သား ဒိန်အစ္စလာမ် (ရှေ့တန်းတွင်ထိုင်နေသူများထဲမှ ငါးယောက်မြောက်) သည် ဒုတိယမျိုးဆက် ရဲအရာရှိတစ်ဦးဖြစ်လာပြီး ရဲသင်တန်းကျောင်း သင်တန်းမှူးဖြစ်လာခဲ့သည်။

၁၉၂၄ ခုနှစ်တွင် မောင်တောမြို့မှ လောက်ရှ်ကရာအာလီ ကို ဆယ်အိမ်ခေါင်း သို့မဟုတ် ရပ်ကျေးရဲဝန်ထမ်းအဖြစ် တာဝန်ခန့်အပ်ခဲ့သည်။

တာဇာမူလ်လုခ် ကို ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၆၁ ခုနှစ်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းမှာ စာပို့လုပ်သားဖြစ်ခဲ့သည်။ ၁၉၆၅ ခုနှစ်၌ ၎င်း၏ အမည်ကို မြန်မာအမည် ဦးဘထွန်းဟု ပြောင်းရန် ဖိအားပေးခံခဲ့ရသည်။
စာပို့လုပ်သားအဖြစ်နှင့်ပင် အငြိမ်းစားယူခဲ့ပြီး အစိုးရပင်စင်ကို ရခဲ့သည်။ ဖော်ပြထားသည့်ပုံထဲတွင် မြန်မာ့ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးကော်ပိုရေးရှင်းတို့တွင် အလုပ်လုပ်ခဲ့စဥ်က ဝန်ထမ်းကတ်ပြားများ၊ ပင်စင်စာအုပ်၊ မှတ်ပုံတင်၊ အာရကန်ပြည်တွင်းရှိ စာပို့လုပ်သားများ၏ စာရင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းမှ အခြား လုပ်ဖော်ကိုင်ဖက်နှစ်ဦးနှင့်အတူ အငြိမ်းစားယူခဲ့သည့် တာဇာမူလ်လုခ်၏ ဓာတ်ပုံတို့ ပါဝင်သည်။
“ကျွန်တော့်အဘိုးက သူ့ ယူနီဖောင်းကို အစိုးရဆီကနေရခဲ့တယ်။ နေလှန်းထားတဲ့အချိန် အဲ့ဒီယူနီဖောင်းကို ကျွန်တော်မြင်ဖူးတယ်။ အဲ့ဒီတုန်းက အဘ်ုးက စစ်တပ်ထဲမှာလား၊ ရဲတပ်ဖွဲ့ထဲမှာလားလို့ တွေးခဲ့ဖူးတယ်။ ကျွန်တော့်မိဘတွေက သူက စာပို့သမားလို့ ပြောတယ်။ သူ မကျန်းမာလာတော့ ဘယ်သွားသွား ကျွန်တော်က သူနဲ့အတူအဖော်လိုက်ပေးရတယ်။ အဘိုး လမ်းထွက်တိုင်းမှာ ရခိုင်တွေက သူ့ကို ခေါင်းညွတ်နှုတ်ဆက်ပြီး တလေးတစားဆက်ဆံကြတာကို ခုထိမှတ်မိနေသေးတယ်”
မိုဟာမက် အေ ၊၂၃ နှစ်။
တာဇာမူလ်လုခ်၏ မြေး

မိုဟာမက်အာလောမ်၏ ၁၉၈၈ ခုနှစ်က ရိုက်ထားသည့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ဓာတ်ပုံ။ ၁၉၉၅ ခုနှစ်၌ ၎င်းမှာ ဆရာဝန် ဖြစ်လာခဲ့သည်။
“ဒါ ကျွန်တော့်အဖေပါ။ တက္ကသိုလ်မှာ သုံးနှစ်စာသင်ပြီးတော့ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရတယ်။ ဒါက သူ့ရဲ့ ဘွဲ့ဓာတ်ပုံပါ။ နောက်တော့ ဆရာဝန်ဖြစ်လာတယ်။ ဒီဓာတ်ပုံတွေအားလုံးဟာ ကျွန်တော့်မိသားစုရဲ့ အမှတ်တရတွေဖြစ်ပြီး တကယ်လို့ ကျွန်တော်တို့ နိုင်ငံထဲမှာတစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်တို့ဘယ်သူဘယ်ဝါတွေဆိုတာ သက်သေပြနိုင်ဖို့ ဒါတွေကို သိမ်းဆည်းထားခဲ့တာပါ”
အီဘရာဟိမ်း၊ ၃၁နှစ်။
မိုဟာမက်အလောမ်၏ သား

အဲရ်ရှာတ်ဟူစိန်မှာ မောင်တောမြို့တွင် မွေးဖွားခဲ့သူဖြစ်သည်။ ၎င်းမှာ အသက် (၁၀၆) နှစ်အထိ နေထိုင်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်း၌ ကွယ်လွန်ခဲ့သည်။ ဖော်ပြထားသည့်ပုံတွင် ၎င်း၏ စာများနှင့် သားဖြစ်သူ ရာရှစ်၏ မှတ်ပုံတင်ကတ်ပြားတို့ ဖြစ်သည်။
“အဖေက တစ်ချိန်လုံး စာပဲရေးနေတာ။ သူက ကဗျာတွေ၊ ဝတ္ထုတိုတွေ ရေးတယ်။ သူ့ကဗျာစာအုပ်လေးထဲမှာ ဘယ်ဖက်က အူရဒူဘာသာနဲ့ ရေးထားပြီး၊ ညာဖက်မှာ ဖာစီဘာသာနဲ့ ရေးထားတယ်။ ရေဒီယိုက လွှင့်တဲ့ ရိုဟင်ဂျာဘာသာစကားအစီအစဥ်မှာဘသူက ကိုရမ်ကျမ်းစာ ဖတ်ပြခဲ့ဖူးတယ်
“လူတွေက သူနဲ့ ရိုဟင်ဂျာသမိုင်းကြောင်းပြောဖို့ လာတွေ့တဲ့အခါမျိုးမှာ သူက မြန်မာအစိုးရဆိုတာ မရှိခဲ့ခင်ကတည်းကနေစပြီး ကျွန်တော်တို့ဟာ အာရကန်ပြည်မှာ နေလာခဲ့ကြတာ နှစ်ပေါင်း ၅၀၀ လောက်ရှိပြီလို့ ပြောလေ့ရှိတယ်”
ရာရှစ် အိတ်ချ်၊ ၆၁ နှစ်
အဲရ်ရှာတ်ဟူစိန်၏ သား
“ကျွန်တော့် မိသားစုအထောက်အထားတွေ အားလုံးနီးပါး မီးထဲပါသွားတယ်။ အဲ့ဒီအထောက်အထားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်လောက်စပြီး ရှိလာတာ”
မိုဟာမက် ဝိုင်၊ ၇၉ နှစ်

မတ်လ ၅ရက်၊ ၂၀၂၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ ဘာလူခါလီ ဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကာ အဆောင်ပေါင်း ၂၀၀၀ ကျော်ပျက်စီးခဲ့သည်။ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့စဥ် မိုဟာမက်ယူနုစ် (၇၉နှစ်) သယ်ဆောင်လာခဲ့သည့် ၎င်း၏ မိသားစု အထောက်အထားများအားလုံးမှာ မီးထဲပျက်စီးသွားခဲ့သည်။
အဆောင်များနှင့်အတူ ရိုဟင်ဂျာမိသားစုအများအပြား၏ နောက်ဆုံးကျန်ရှိနေသော မိသားစုသမိုင်းကြောင်းများနှင့် မြန်မာပြည်နှင့် ဆက်နွယ်နေမှုတို့ကို သက်သေပြနိုင်မည့် အထောက်အထားများအားလုံးမှာ မီးလောင်မှုကြောင့် ပျက်စီးခဲ့ရသည်။