
၂
သူတို့က ကျွန်တော်တို့ကို မငြင်းပယ်ခဲ့ကြဘူး
အာရကန်ပြည်၊ ဘိုးဘွားပိုင် မွေးရပ်မြေ နှင့် အသိအမှတ်ပြုခံရမှု
“တိုင်းရင်းသား အုပ်စုတစ်စုရဲ့ နာမည်ဆိုတာ သူတို့ကိုယ်သူတို့ခေါ်တဲ့နာမည်ပါပဲ။ တခြားနိုင်ငံက တစ်ယောက်ယောက်က စာအုပ်ထဲချရေးလိုက်လို့ ကျွန်တော်တို့ရိုဟင်ဂျာဖြစ်လာတာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ ရိုဟန် (အာရကန်) လို့ခေါ်တဲ့ ပြည်မှာ မွေးလာပြီးတော့ ဒီမြေမှာ အခြေချနေထိုင်ခဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ ခေါ်ကြတာဖြစ်တယ်။
“တခြား လူမျိုးစု လူတွေက ရေးထားတဲ့ နာမည်တွေဆိုတာ သူတို့ မြင်တဲ့ ကြားတဲ့ အပေါ်မှာ သူတို့နားလည်သလို ရေးထားကြတာမျိုးပါ။ အဲ့ဒီလိုဆိုရင်တောင်မှ သူတို့က ကျွန်တော်တို့ကို မငြင်းပယ်ခဲ့ကြဘူး။”
အမန်အူလာ၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊
၂၀၂၃
ယနေ့အချိန်တွင် ဗုဒ္ဓဘာသာရခိုင်များနှင့် ရိုဟင်ဂျာ မူဆလင် အသိုက်အဝန်းနှစ်ခုစလုံးက ၎င်းတို့ အတူယှဥ်တွဲနေထိုင်ကြသော သမိုင်းဝင်ဇာတိမြေဖြစ်သည့် အာရကန်ပြည် (ယခု ရခိုင်ပြည်နယ်) မှာ ၎င်းတို့နှင့်သက်ဆိုင်ကြောင်း နောက်ကြောင်းရာဇဝင်များကို အခြေခံ၍ဆိုကြသည်။ စိတ်မကောင်းဖြစ်ဖွယ်တစ်ခုမှာ မြန်မာစစ်အစိုးရ အဆက်ဆက်နှင့် ပြည်တွင်းရှိ အခြားလူထုအသိုက်အဝန်း အများအပြားက ရိုဟင်ဂျာများမှာ ပြည်ပမှ လာရောက်သူများဖြစ်ကြသည်ဟု တံဆိပ်ကပ်ခဲ့ကြပြီး တိုင်းပြည်နှင့်ဆက်နွယ်မှုမရှိဟု ငြင်းဆိုခဲ့ကြသည်။
၁၁၆၀၀ ပြည့်နှစ်များမှစ၍ ၁၈၀၀ ပြည့်နှစ်အစောပိုင်း ကာလများအထိ သာသနာပြုများ၊ ဥရောပတိုက်သား စူးစမ်းလေ့လာသူများ၊ ကုန်သွယ်ရေးကုမ္ပဏီများနှင့် သံတမန်အဖွဲ့များက အာရကန်ပြည်အတွင်းရှိ မူဆလင်လူထုအသိုက်အဝန်းအကြောင်းကို ရေးသားမှတ်တမ်းတင်ခဲ့ကြသည်။ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အကိုးအကားများကိုကြည့်လျှင် ဗြိတိသျှတို့က မြန်မာပြည်ကို ၁၂၄ နှစ်ကြာအောင် သိမ်းပိုက် ကိုလိုနီပြုမှုစတင်ခဲ့သည့် ၁၈၂၄ ခုနှစ်မတိုင်မီကပင်ရှိခဲ့သည်ကို တွေ့နိုင်သည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံကြား နယ်စပ်ကို လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ပြုခဲ့သည့် မူဝါဒကြောင့် ထို နယ်နမိတ်နှစ်ခုအကြား အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုများ ဖြစ်လာခဲ့ကာ ဗြိတိသျှတို့က မှတ်တမ်းတင်ရာတွင်လည်း လူမျိုးအပေါ် အလွန်အမင်းအခြေခံသည့်စနစ်ကို မိတ်ဆက်ပေးခဲ့သည်။
သို့တိုင်အောင် ထိုချိန်က ရှိခဲ့သည့် အစီရင်ခံစာများ၊ သန်းခေါင်စာရင်းများနှင့် အခြားစာရွက်စာတမ်းများက အာရကန်ပြည်အတွင်း နှစ်ကာလကြာရှည်စွာ အခြေချနေထိုင်ခဲ့သည့် မူဆလင် အသိုက်အဝန်းမှာ မြန်မာဌာနေတိုင်းရင်းသားများဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။
၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ၁၄ နှစ် အကြာတွင် ထုတ်ဝေခဲ့သည့် နေ့စဥ်သတင်းစာများ၊ ပုဂ္ဂလိက သတင်းစာများတွင် အာရကန်ပြည်နှင့်ပတ်သက်သည့် သတင်းများ၊ ရိုဟင်ဂျာ အသိုက်အဝန်းအကြောင်း၊ မြန်မာပြည်နိုင်ငံရေးတွင် ၎င်းတို့ပါဝင်ခဲ့ကြပုံများအပြင် တိုင်းပြည်၏ ဘုံအမှတ်လက္ခဏာထဲတွင် ၎င်းတို့ ပတ်သက်တည်ရှိမှုကိုပါ ဖော်ပြခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်က ရှိခဲ့သည့် ဂျာနယ်ဟောင်းများ၊ ရှားပါးလက်ရေးမူများ၊ စာအုပ်များ၊ စစ်တမ်းများ၊ သန်းခေါင်စာရင်းများ၊ သတင်းစာများနှင့် အခြားသော စာရွက်စာတမ်းများကို ခြေရာကောက်ကြည့်ပါက ရိုဟင်ဂျာ လူထုအသိုက်အဝန်း၏ မျိုးရိုးစဥ်ဆက်ကို တွေ့နိုင်မည် ဖြစ်သည်။ ထိုအချက်အလက်များက ရိုဟင်ဂျာများ၏ ကိုယ်ပိုင်ဝိသေသလက္ခဏာကို အသိအမှတ်ပြုခဲ့ကြသည်။
ထိုစဥ်က မြန်မာပြည်တွင်း ကွဲပြားခြားနားသော လူမျိုးပေါင်းစုံထဲတွင် ရိုဟင်ဂျာများပါဝင်ပုံကို အခြားသူများက အသိအမှတ်ပြုခဲ့ကြောင်းကိုလည်း ပြသနေသည်။ ထို့ပြင် ထိုစဥ်ကရော ယခုအချိန်ထိပါ အာရကန်ပြည်မှာ ၎င်းတို့၏ ဘိုးဘွားဘီဘင် မွေးရပ်မြေဖြစ်သည်ဟု ဂုဏ်ယူစွာဖြင့် အခိုင်အမာ ဆိုနေကြသည့် ဗုဒ္ဓဘာသာများနှင့် မူဆလင် လူထုအသိုက်အဝန်းများ၏ ပဋိပက္ခများကိုလည်း မှတ်တမ်းတင်ခဲ့သည်ကို တွေ့နိုင်သည်။

၁၆၅၃
Sebastian Manrique: Itinerary of the Oriental Missions of Father Manrique
အခန်း (၁၀) - အာရကန်ဘုရင့်နိုင်ငံသို့သွားရန် ဘင်္ဂလားမှ ထွက်လာခဲ့ပုံ။
Sebastian Manrique သည် ပေါ်တူဂီမှ သြဂတ်စတင်း သာသနာပြုဘုန်းတော်ကြီ တစ်ပါးဖြစ်သည်။ ၁၆၂၉ မှ ၁၆၄၃ ခုနှစ် အထိ အာရကန်ပြည် အပါအဝင် အရှေ့တိုင်းဒေသများကို လှည့်လည်သွားလာခဲ့သည်။ ၁၆၅၃ ခုနှစ်တွင် ၎င်း၏ စာအုပ်ဖြစ်သည့် Itinerary of the Oriental Missions of Father Manrique ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထဲတွင် တော်ဝင်နန်းတွင်းတော်၌ ရှိကြသည့် မူဆလင်များအပါအဝင် အာရကန်ပြည်ရှိ မူဆလင်များအကြောင်းကို ရေးသားခဲ့သည်။ ထို့ပြင် ဘင်္ဂလားမှ အာရကန်သို့ အကျဥ်းသားများနှင့် ကျွန်များအဖြစ် ခေါ်ဆောင်လာခဲ့သည့် မူဆလင်များ အကြောင်းကိုလည်း ရေးသားဖော်ပြခဲ့သည်။

၁၆၇၆
Wouter Schoutens ၏စာအုပ်: Wouter Schoutens Travels Into The East Indies စာအုပ်ထဲမှ အာရကန်ပြည်၏ သရုပ်ဖော်ပုံတစ်ခု
Wouter Schoutens သည် ဒတ်ချ်လူမျိုး ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သည်။ ဒတ်ချ်ကိုလိုနီပြုထားသည့် အရှေ့အင်ဒီနိုင်ငံများတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။ ၁၆၆၀ မှ ၁၆၆၁ အတွင်း အာရကန်ပြည်သို့ သွားရောက်ခဲ့သည်။ Wouter Schoutens ၏ Wouter Schoutens Travels Into The East Indies စာအုပ်ကို ၁၆၇၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ လေ့လာတွေ့ရှိချက်များနှင့် သရုပ်ဖော်ပုံများသည် ထိုအချိန်က အာရကန်ပြည်တွင်း နေထိုင်သူများနှင့် အာရကန်ပြည်တွင် မူဆလင်များရှိနေကြောင်း ဖော်ပြနေသည်။

၁၇၃၈
အခန်း (၃) - ဤဘုရင့်နိုင်ငံထဲရှိ အယူသီးမှု၊ ဘုရားပုထိုးများ၊ ဘုန်းတော်ကြီးများ၊ အထွတ်အမြတ်ထားသော ပွဲတော်များ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာ။
Thomas Salmon ၏ The Present State of All the Counties and Peoples of the World
ဖော်ပြထားသည့်ပုံမှာ ၁၇၃၈ ခုနှစ်က အီတလီဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ထဲမှဖြစ်ပြီး သရုပ်ဖော်ပုံမှာ အာရကန်ပြည်တွင်း အခြေချနေထိုင်သူများ၏ ဝတ်စားဆင်ယင်ပုံဖြစ်သည်။
Thomas Salmon သည် အင်္ဂလိပ်လူမျိုး သမိုင်းပညာရှင် ဖြစ်သည်။ ၁၇၈၃ ခုနှစ်တွင် The Present State of All the Countries and Peoples of the World စာအုပ်ကို ထုတ်ဝေခဲ့သည်။ စာအုပ်ထဲတွင် ထိုအချိန်ကာလက မူဆလင်အသိုက်အဝန်းအပါအဝင် အာရကန်ပြည်တွင်း နေထိုင်ကြသူများအကြောင်းကို Present State of the Kingdom of Arrakan ခေါင်းစဥ်ဖြင့် သီးသန့်အတွဲတစ်ခုရေးသားဖော်ပြခဲ့သည်။
“အာရကန်ပြည်ဟာ လူမျိုးတစ်ခုတည်း ပိုင်တဲ့ နယ်မြေဒေသဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။ ဒီဟာက လူမျိုးပေါင်းစုံနဲ့ ဘာသာစကားပေါင်းစုံရှိခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်”
နူရူရ် အစ္စလာမ်၊ ရိုဟင်ဂျာ လူကြီးသူမ တစ်ဦး။
၂၀၂၂

၁၇၇၇
“အာရကန်ပြည်တွင်း အခြေချနေထိုင်သူတွေရဲ့ လေးပုံ သုံးပုံနီးပါးဟာ ဘင်္ဂလားဇာတိက ဒါမှမဟုတ် သူတို့တွေဆီက ဆင်းသက်လာသူတွေဖြစ်ပါတယ်”
(ဇွန်လ၊ ၁၇၇၇)
၁၇ ရာစုမှ ၁၈ ရာစု အစောပိုင်းအထိ လုပ်ဆောင်ခဲ့သည့် ဘင်္ဂလားမှ အာရကန်ပြည်တွင်းသို့ ကျွန်ကုန်သွယ်မှုမှာ အာရကန်ပြည်တွင်းရှိ မူဆလင်ဦးရေကို တိုးပွားစေခဲ့သည်။ ဇွန်လ၊ ၁၇၇၇ ခုနှစ်က အမည်မသိ ဗြိတိသျှအစိုးရဝန်ထမ်း တစ်ဦး၏ ပြောဆိုချက်တစ်ခုက ဘင်္ဂလားမှ အကျဥ်းသား အများအပြားကို အာရကန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်လာပြီး ကျွန်များအဖြစ်ရောင်းချခဲ့ကြသည်ဟု ဖော်ပြထားသည်။ ထိုစဥ်က အာရကန်ပြည်အတွင်း မူဆလင်ဦးရေ မည်မျှများပြားပုံကိုလည်း ဖော်ပြထားခဲ့သည်။

၁၇၉၅
MSS EUR C12
Francis Buchanan M.D. သည် ဆရာဝန်နှင့် ရုက္ခဗေဒ ပညာရှင်တစ်ဦးဖြစ်သည်။ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၇၉၅ ခုနှစ်၌ သံတမန်လုပ်ငန်းစဥ်ဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုခရီးစဥ်အတွင်း ၎င်းတွေ့ဆုံခဲ့ရသည့် လူများအကြောင်းကို ၎င်းတို့ ပြောဆိုကြသည့် ဘာသာစကားများအပါအဝင် အကျယ်တဝင့်ရေးသားခဲ့သည်။ Buchanan က အာရကန် ပြည်သို့ မသွားရောက်ခဲ့သော်လည်း ၎င်း၏ မှတ်တမ်းများမှာ ရိုအင်ဂါ လူထုအသိုက်အဝန်းနှင့် ၎င်းတို့ ဘာသာစကားအကြောင်းကို ပထမဆုံး မှတ်တမ်းတင်ထားသည့် ကိုးကားချက်အချို့ထဲမှ တစ်ခုဖြစ်သည်။ အာရကန်ပြည်တွင်း နေထိုင်ကြသည့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် မူဆလင် အသိုက်အဝန်းများ၏ ဖြစ်တည်မှုကို မှတ်တမ်းတင်ဖော်ပြခဲ့သည်။ ၁၇၉၉ ခုနှစ်တွင် Buchanan က Asiatic Researches ဂျာနယ်ထဲတွင် ၎င်း၏ ရှာဖွေတွေ့ရှိမှုများကို ရေးသားခဲ့သည်။ ထိုဆောင်းပါးထဲတွင် ရိုအင်ဂါ ဘာသာစကား အပါအဝင် မြန်မာနိုင်ငံမှ ဘာသာစကားအများအပြားအကြောင်းကို အသေးစိတ်ဖော်ပြခဲ့သည်။

၁၇၉၅
၎င်းတို့၏ ဘာသာစကားသည် ဘင်္ဂလီ ဘာသာစကားနှင့် ဆင်တူနေသည်။ အာရကန် ဟူသည့်စကားလုံးအတွက် ဘင်္ဂလားအမည်မှာ ရိုအင်ဂါ ဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။
Francis Buchanan, ၁၇၉၅ (စာ ၁၇၂)
မြန်မာပြည်တွင်နေစဥ်က ရေးသားခဲ့သည့် Buchanan ၏ ဂျာနယ်များနှင့် စာမူများကို မိတ္တူကူးထားသည်များထဲမှ တစ်ခု။
British Library IOR/L/PS/19/13

၁၇၉၉
၁၇၉၉ ခုနှစ်ထုတ် Asiatic Researches ဂျာနယ်တွင် ထုတ်ဝေခဲ့သည့် Buchanan ၏ ဆောင်းပါး မူရင်း ပုံနှိပ်စာမူ။
ဧကရာဇ်မြန်မာနိုင်ငံတော်အတွင်း ပြောဆိုကြသော ဘာသာစကားအချို့၏ ဝေါဟာရများကို နှိုင်းယှဥ်ချက်
Francis Buchanan, M.D., ၁၇၉၉
Asiatic Researches အတွဲ ၅ (စာ ၂၁၉ - ၂၄၀)
မဟာမေဒင်များက အာရကန်ပြည်တွင် အခြေချခဲ့ကြပြီး ရိုဗင်ဂေါဟု ခေါ်ခဲ့ကြသည်။
ဧကရာဇ်မြန်မာနိုင်ငံတော်အတွင်း ပြောဆိုကြသည့် ဒေသိယစကား သုံးမျိုးကို ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။ သို့သော် ထိုဒေသိယစကားများသည် ဟိန္ဒူတိုင်းပြည်မှ ဆင်းသက်လာသည်မှာ ထင်ရှားသည်။
ပထမဆုံးတစ်ခုမှာ အာရကန်ပြည်တွင်း ကာလရှည်ကြာစွာ အခြေချခဲ့ကြသည့် မဟာမေဒင်များ ပြောသည့်စကားဖြစ်ပြီး ၎င်းတို့က ၎င်းတို့ကိုယ်ကို ရိုအင်ဂါ သို့မဟုတ် အာရကန်ပြည်၏ ဌာနေဒေသခံများဟု ခေါ်ဆိုကြသည်။

၁၇၉၉

၁၈၀၁
ထိုသူများထဲမှ ကံမကောင်းအကြောင်းမလှသည့် လူပေါင်း နှစ်သောင်း၊ သုံးသောင်းခန့်မှာ ၎င်းတို့နိုင်ငံတွင်း ဖိနှိပ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ကုမ္ပဏီထံမှ ကာကွယ်ပေးမှုကို တောင်းဆိုခဲ့ကြသည်။
၁၈၀၁(p 6)
၁၇၉၉ခုနှစ် မတ်လ ၁ ရက်နေ့ နှင့် ၁၈၀၁ ခုနှစ် မတ်လ ၂၀ ရက်နေ့ များက ရေးသားခဲ့သည့် အောက်ဖော်ပြပါမှတ်တမ်းများကဲ့သို့ပင် ဗြိတိသျှအရှေ့ အိန္ဒိယကုမ္ပဏီ၏ ဆက်သွယ်ရေးအရာရှိက အာရကန်ပြည်မှ ဘင်္ဂလားသို့ တိမ်းရှောင်လာခဲ့ကြသည့် ဒုက္ခသည်များအကြောင်းကို မှတ်တမ်းတင်ခဲ့သည်။
IOR/F/4/128/2381
၁၇၈၄ ခုနှစ်တွင် ဧကရာဇ်မြန်မာနိုင်ငံက အာရကန်ပြည်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုမတိုင်မီက အာရကန်ပြည်သည် သီးခြားလွတ်လပ်သည့် ဘုရင့်နိုင်ငံ တစ်ခုဖြစ်ခဲ့သည်။ သိမ်းပိုက်ပြီးနောက်တွင် အာရကန်ပြည်တွင်း နေထိုင်ကြသည့် ဗုဒ္ဓဘာသာများနှင့် မူဆလင်များမှာ ကျုးကျော်သိမ်းပိုက်သူမြန်မာများ၏ ဖိနှိပ်မှုကို ခံခဲ့ကြရသည်။ ဗုဒ္ဓဘာသာနှင့် မူဆလင် ဒုက္ခသည်ဦးရေ ထောင်သောင်းချီမှာ ဖမ်းဆီးနှိပ်စက်ခြင်းကို မခံရရန်အတွက် ဗြိတိသျှတို့ ထိန်းချုပ်ထားရာ ဘင်္ဂလားဒေသရှိ စစ်တကောင်းမြို့သို့ နတ်မြစ်ကိုဖြတ်၍ တိမ်းရှောင်ခဲ့ကြရသည်။ ၁၈၂၄ ခုနှစ်တွင် ဗြိတိသျှတို့က ဧကရာဇ်မြန်မာနိုင်ငံကို စစ်ကြေညာခဲ့သည်။ ၁၈၂၆ ခုနှစ်တွင် အာရကန်ပြည်က ဗြိတိသျှအိန္ဒိယလက်အောက်သို့ ကျရောက်ခဲ့သည်။
“အာရကန်ပြည်မှာဆိုရင် ရခိုင်နဲ့ ရိုဟင်ဂျာတွေက ညီအစ်ကိုတွေဖြစ်တယ်လို့ ပြောကြပါတယ်။ တစ်နေရာတည်းနေကြတဲ့ လူမျိုးစုနှစ်ခုပေါ့။ တစ်စုက ဗုဒ္ဓဘာသာကိုးကွယ်ပြီး နောက်တစ်စုက အစ္စလာမ်ဘာသာကို ကိုးကွယ်တယ်။ ၁၈၂၃ ခုနှစ် မတိုင်မီကတည်းက ဒီမှာပဲ ကျွန်တော်တို့ ရိုဟင်ဂျာတွေက နေခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ အဖေတွေ၊ အဘိုးတွေ၊ အဘေးတွေ၊ ကလေးတွေနဲ့ မြေးတွေအထိ အကုန်လုံးက ဒီမြေမှာပဲ မွေးဖွားခဲ့ကြပါတယ်”
မိုဟာမက် ဟူစိန်၊ ရိုဟင်ဂျာ လူကြီးသူမတစ်ဦး
(၂၀၁၈)

၁၈၂၆
၁၈၂၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Adriano Balbi ၏ Atlas Ethnographique Du Globe Ou Classification Des Peuples Anciens Et Modernes D'Apres Leurs Langues စာအုပ်။
Adriano Balbi သည် အီတလီဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီး ၁၈၂၆ ခုနှစ်တွင် ပထမဆုံး “ဘာသာဗေဒ အညွှန်း”များထဲမှ တစ်ခုကို ထုတ်ဝေခဲ့သည်။ ထိုအထဲတွင် ကမ္ဘာပေါ်ရှိ ဘာသာစကားများကို အသေးစိတ်ဖော်ပြထားသည်။ ထိုစာအုပ်ကို ပြင်သစ်မြို့တွင် ပုံနှိပ်ခဲ့ခြင်းဖြစ်သည်။ ရိုအင်ဂါ ဘာသာစကားသည် အာရှဘာသာစကားအခန်းခွဲတွင် ပါဝင်ပြီး အချို့စကားလုံးများကို ဘာသာပြန်ဖော်ပြထားသည်။ အောက်ခြေမှတ်ချက်တွင် ပါဝင်သည့် အညွှန်း (၆၉) ၌ ထိုလူထုအသိုက်အဝန်း၏ နောက်ခံသမိုင်းနှင့် အကြောင်းအရာတို့ကို ပိုမိုကြည့်ရှုနိုင်မည်ဖြစ်သည်။

၁၈၂၆
Balbi ၏ အညွှန်းထဲရှိ ‘General Table of Asian Languages’ တွင် ရိုအင်ဂါနှင့် ရိုဟင်ဂျာဘာသာစကားတွင် ပါရှိသည့် စကားလုံးများကို ဘာသာပြန်ဖော်ပြထားသည်။
ကမ္ဘာပေါ်ရှိ လူမျိုးနှင့်ယဥ်ကျေးမှုသရုပ်ခွဲခြင်းဆိုင်ရာ အညွှန်း သို့မဟုတ် ဘာသာစကားပေါ်အခြေခံ၍ ခေတ်ဟောင်းနှင့် မျက်မှောက်ကာလ လူပုဂ္ဂိုလ်များကို အမျိုးအစားခွဲခြားခြင်း
Adrian Balbi, ၁၈၂၆
Appendix VI
၆၉ ရိုအင်ဂါ - အာရကန်ဘုရင့်နိုင်ငံတော်တွင် ယခင်က စတင်အခြေချခဲ့သည့် မဟာမေဒင်များဖြစ်ကြသည့် ရိုအင်ဂါ သို့မဟုတ် ရူအင်ဂါများ၏ ဘာသာစကား။ ၎င်းတို့မှာ မြန်မာဧကရာဇ်နိုင်ငံတော်၏ တစ်စိတ်တပိုင်းဖြစ်သည့် ဤဘုရင့်နိုင်ငံထဲတွင် နေထိုင်နေကြဆဲဖြစ်သည်။ ဤဘာသာစကားသည် ဟင်ဒီ၊ ရိုဟန်-ဗမာ နှင့် အာရပ်စကားလုံးများ ရောနှောထားသည့် ဘာသာစကားတစ်ခုဖြစ်သည်။
(translated from original French)

၁၈၇၂
၁၈၂၄ မှ ၁၉၃၇ ခုနှစ် အတွင်း မြန်မာပြည်သည် ဗြိတိသျှအိန္ဒိယ၏ ပြည်နယ်တစ်ခုဖြစ်ခဲ့သည်။ ဗြိတိသျှလက်အောက်ခံ မြန်မာပြည်နယ်အတွင်း ပထမဆုံး သန်းခေါင်စာရင်းကောက်ယူမှုကို ၁၈၇၂ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်က အိန္ဒိယမှ လူအများအပြားသည် မြန်မာပြည်သို့ ရွှေ့ပြောင်းလာခဲ့ကြပြီး ထို ၁၈၇၂ ခုနှစ် သန်းခေါင်စာရင်း နှင့် နောက်ပိုင်း သန်းခေါင်စာရင်းများတွင် အာရကန်ပြည် (အာက္ကယာပ်ခရိုင်) တွင်းရှိ မူဆလင်များကို မြန်မာပြည်၏ ဒေသခံတိုင်းရင်းများအဖြစ် အသိအမှတ်ပြုခဲ့သည်။
ဗြိတိသျှဘားမား၏ သန်းခေါင်စာရင်း၊ ၁၈၇၂
အခန်း (၆) - လူဦးရေကို လိင်ဖြစ်တည်မှုအပေါ်အခြေခံ၍ ခွဲခြားခြင်း၊ စာ ၁၅-၁၆
၇၅ - အောက်တွင် ဖော်ပြထားသကဲ့သို့ မဟာမေဒင်များသည် အာရကန်ပြည်တွင်သာရှိသည့် ဒေသခံတိုင်းရင်းသားများဖြစ်ကြပြီး ပြည်တွင်းနေထိုင်ကြသည့် လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိသည်။
၇၉ - အာက္ကိယာပ်ခရိုင်တွင်နေထိုင်ကြသည့် မူဆလင်များမှာ ဒေသတွင်းရှိအခြားနေရာများမှ မူဆလင်များကဲ့သို့ ပြည်ပမှလာရောက်အခြေချကြခြင်းမဟုတ်ဘဲ ထိုဒေသတွင်းတွင် ဆွေစဥ်မျိုးဆက် နေထိုင်ခဲ့ကြသူများဖြစ်သည်။

၁၈၉၁
Dr. Emil Forchhammer ၏ စာအုပ် - ARAKAN: An Account of his Archaeological Discoveries ကို ၁၈၉၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
Royal Asiatic Society: GB 891 EF
Dr. Emil Forchhammer သည် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည်။ မြန်မာပြည်၏ ရှေးဟောင်းသုတေသနဆိုင်ရာစစ်တမ်းကို ပထမဦးဆုံး ကြီးကြပ်ခဲ့သူဖြစ်သည်။ ၁၈၈၅ ခုနှစ်က အာရကန်ပြည်သို့ သွားရောက်၍ ထိုဒေသရှိ သမိုင်းကြောင်း၊ ဘာသာစကားနှင့် ဘာသာရေးနေရာများအကြောင်းကို အသေးစိတ်ထုတ်ဝေခဲ့သည်။ ၎င်း၏ ရေးသားမှုများက ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာနှင့် အာရကန်ပြည်တွင်းရှိ ထိုဘာသာများကို ကိုးကွယ်သူများအကြား သမိုင်းကြောင်းအရ ဆက်နွယ်မှုများကို ပြသနေသည်။ ARAKAN: An Account of his Archaeological Discoveries စာအုပ်ကို ၁၈၉၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထဲတွင် (အောက်၌ ဖော်ပြထားသည့် ပုံအမှတ် ၄၂၊ နံပတ် ၈၈) ကဲ့သို့သော Buddermokan ဗလီအပါအဝင် ဗလီများ၏ ဓာတ်ပုံအများအပြားကို ဖော်ပြထားသည်။ အဆိုပါ ဗလီသည် ၁၇၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး စစ်တွေမြို့ရှိ ကုလားတန်မြစ်အနီးတွင် တည်ရှိသည်။ ၁၈၄၉ ခုနှစ်၌ ဗလီကို ပြင်ဆင်မွမ်းမံခဲ့သည်။ ဖော်ပြထားသောပုံသည် Forchammer သွားရောက်ခဲ့စဥ်က ရှိနေသည့် ဗလီ၏ အနေအထားဖြစ်သည်။

၁၈၉၁
Buddermokan ဗလီ (ဘယ်ဖက်ထောင့်ရှိ ပုံအမှတ် ၄၂၊ နံပတ် ၈၈) အပါအဝင် ၁၈၉၁ ခုနှစ်ထုတ် Emil Forchhammer ၏ အာရကန်စာအုပ်ထဲရှိ စာမျက်နှာများ။
အာရကန်ပြည်
Emil Forchhammer, ၁၈၉၁
အခန်း (၃) စာ-၆၀
အာက္ကိယာပ်ခရိုင်တွင် မြန်မာဘုရားပုထိုးများ တည်သကဲ့သို့ ဘုံအဆင့်နှင့် ထုပိကာပါသော ပြသာဒ် ပုံစံနှင့် မဟာမေဒင်များ၏ ထောင့်လေးထောင့်ဗလီမျှော်စင်တွင် အမိုးခုံးငယ်ကထပ်ဆင့်တင်ထားသည့်ပုံစံ နှစ်ခုကိုရောနှောထားသော ဗိသုကာဒီဇိုင်းများရှိကြသည့် ခေတ်သစ် ဘုရားကျောင်းအနည်းငယ်ကို စိတ်ဝင်စားဖွယ်တွေ့နိုင်သည်။ ပုံအမှတ် ၄၂ နှင့် ၄၃ တို့တွင် ပြထားသော ဘုရားကျောင်း နှစ်ခုစလုံးကို မဟာမေဒင်များနှင့် ဗုဒ္ဓဘာသာဝင်များ သွားရောက်ကြသည့်အပြင် Buddermokan ဗလီကို ဟိန္ဒူများကလည်း သွားရောက်ဆည်းကပ်ကြသည်။
Buddermokan ဗလီ (ပုံအမှတ် ၄၂၊ နံပတ် ၈၈) ကို မူဆလင်များက ၎င်းတို့ သူတော်စင်ဟု မှတ်ယူကြသည့် Budder Auliah ၏ အမှတ်တရအဖြစ် အေဒီ ၁၇၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်ဟုဆိုကြသည်။

၁၉၁၁
မြန်မာပြည် သန်းခေါင်စာရင်းအစီရင်ခံစာ၊ ၁၉၁၁
အပိုင်း ၁၊ အခန်း (၄) - ဘာသာရေး၊ စာ-၉၈
၉၂။ မဟာမေဒင်ဝါဒ - အာက္ကိယာပ်နှင့် မြိတ်ခရိုင်များတွင် ဌာနေဒေသခံ မဟာမေဒင်များကိုတွေ့ရပြီး ၎င်းတို့သည် ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုပုံနှင့် ဓလေ့ထုံးတမ်းများမှာ အိမ်နီးချင်း အာရကန်လူမျိုးများ (ရခိုင်လူမျိုး) သို့မဟုတ် မြန်မာများနှင့် သိသိသာသာကွဲပြားခြားနားခြင်းမရှိပေ။ ၎င်းတို့၏ ဘိုးဘေးများမှာ ထိုဒေသအတွင်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အခြေချခဲ့ကြသည်။ ဗုဒ္ဓဘာသာအများစုရှိရာဒေသတွင်နေကြသည့်တိုင်အောင် ၎င်းတို့၏ မဟာမေဒင်ဘာသာရေးကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

၁၉၃၁
၁၉၂၁ ခုနှစ်နှင့် ၁၉၃၁ ခုနှစ်များ၌ ဗြိတိသျှတို့ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများတွင် အိန္ဒိယနိုင်ငံတွင်းရှိ လူမျိုး တစ်မျိုးမျိုး အနွယ်ဝင်ဖြစ်ပါက ၎င်းတို့အနေဖြင့် မြန်မာပြည်တွင်း မည်မျှကြာအောင် အခြေချနေထိုင်စေကာမူ “အိန္ဒိယ” ဟုသာ တွင်တွင်ကျယ်ကျယ် သတ်မှတ် အသုံးပြုခဲ့ကြသည်။ ထိုသန်းခေါင်စာရင်းများက အာရကန်ပြည် (အာက္ကိယာပ်ခရိုင်) တွင် မျိုးရိုးစဥ်ဆက် အခြေချခဲ့ကြသည့် မူဆလင်များကို “ဌာနေဒေသခံ” များဟု ဖော်ပြခဲ့ကြသည်။
အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်း ၊ ၁၉၃၁
မြန်မာ၊ အပိုင်း ၁-အစီရင်ခံစာ
အတွဲ ၉၊ အပိုင်း၁၊ အခန်း (၄) - ဘာသာရေး၊ စာ- ၉၈
၂၅။ အာက္ကိယာပ်ခရိုင်တွင်းရှိ နေရာတော်တော်များများတွင် အိန္ဒိယ(မူဆလင်) များမှာ များပြားလွန်းသည့်အတွက် ၎င်းတို့အား ဌာနေဒေသခံများအဖြစ် မှတ်ယူ၍ ရကောင်းရမည်ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်များကိုလည်း ထိုကဲ့သို့အလားတူပင်မှတ်ယူနိုင်သည်။

၁၉၃၆
British Library: MFM.M.C. 1198
၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေက မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်ပြီး မြန်မာပြည်သားများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသည်။ မြန်မာပြည်လွတ်လပ်ရေးမရမီ ရွေးကောက်ပွဲနှစ်ခုသာ ကျင်းပခဲ့သည်။ ပထမရွေးကောက်ပွဲကို ၁၉၃၆ခုနှစ်၊ နိုဝင်ဘာလ၌ ပြုလုပ်ခဲ့သည်။ အာရကန်ပြည်မြောက်ပိုင်းမှ E.G. Maracan က အသစ်ဖွဲ့လိုက်သည့် လွှတ်တော်အတွက် ရွေးကောက်ခံခဲ့ရသည်။ ရန်ကုန်ဂေဇတ်သတင်းစာဖြတ်ပိုင်းများတွင် ရွေးကောက်ပွဲရလဒ်ကြေညာထားသည်များကို တွေ့ရသည်။

၁၉၄၁
မြန်မာနိုင်ငံသည် အိန္ဒိယ၏ ပြည်နယ်တစ်ခုဖြစ်ခဲ့စဥ်က မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ရှိခဲ့သည်။ ထို့ကြောင့် အိန္ဒိယမှ လူများနှင့် အလုပ်သမားများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်မှု များပြားလာခဲ့သည်။ ၁၉၀၀ ခုနှစ်များ အစောပိုင်းကာလတွင် အိန္ဒိယနှင့် ဗြိတိသျှဆန့်ကျင်ရေး သဘောထားရပ်တည်ချက်များ ထွက်ပေါ်လာခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် James Baxter က မြန်မာနိုင်ငံတွင်း အိန္ဒိယလူမျိုးများ ရွှေ့ပြောင်းနေထိုင်မှုကို စုံစမ်းရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ အစီရင်ခံစာထဲတွင် အာရကန်ပြည်တွင် ကာလရှည်ကြာစွာ အခြေချနေထိုင်ခဲ့ကြသည့် မူဆလင်များကို မြန်မာပြည်၏ ဌာနေဒေသခံများအဖြစ်ဖော်ပြခဲ့ပြီး ပြည်ပမှလာရောက်သူများဟု မဖော်ပြခဲ့ပေ။
အိန္ဒိယမှ ရွှေ့ပြောင်းနေထိုင်မှုနှင့် စပ်လျဥ်းသည့် အစီရင်ခံစာ
by JAMES BAXTER
ရန်ကုန်၊ အောက်တိုဘာလ ၁၂ရက်နေ့၊ ၁၉၄၀ခုနှစ်။
စာ ၄
၇။ အာက္ကိယာပ်ခရိုင်အတွင်း ကာလရှည်ကြာစွာ အခြေချနေထိုင်ခဲ့ကြသည့် အာရကန်မူဆလင်အသိုက်အဝန်းရှိပြီး အခြေခံအားဖြင့်ကြည့်လျှင် ၎င်းတို့ကို ဒေသခံဌာနေလူမျိုးစုအဖြစ် မှတ်ယူရမည်ဖြစ်သည်။

၁၉၄၇
New Times of Burma သတင်းစာတွင် ၁၉၄၇ ခုနှစ် ရွေးကောက်ပွဲရလဒ်များကို ကြေညာထားပုံ သတင်းဖြတ်ပိုင်းများ။
IOR/M/4/2605
၁၉၄၇ ခုနှစ်၊ မတ်လ၌ နိုင်ငံရေးပါတီများက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး တိုင်းပြည်ပြုလွှတ်တော်အတွက် ကိုယ်စားလှယ်များကို အဆိုပြုခဲ့ကြသည်။ ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ အာရကန်ပြည်မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောမှ အမ်၊အေ ဂါဖား နှင့် ဆူလ်တန်အာမက် တို့မှာ တိုင်းပြည်ပြုလွှတ်တော်တွင် ရွေးချယ်ခံခဲ့ရသည်။
“မြန်မာနိုင်ငံရဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေက ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့ ၊ လွတ်လပ်ရေးနေ့မှာ မြန်မာနိုင်ငံတွင်း အခြေချနေထိုင်တဲ့သူတွေဟာ နိုင်ငံသားတွေ ဖြစ်ပါတယ်လို့ အတိအလင်းပြဌာန်းထားပါတယ်။ ဒီတော့ ကျွန်တော်တို့တွေ နိုင်ငံသားဖြစ်မဖြစ်ကို ဆုံးဖြတ်မယ်ဆိုရင် ၁၉၄၇ ခုနှစ်ကနေ စကြည့်ဖို့လိုတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၊ ၂၀၀ ကို ပြန်သွားစရာမလိုဘူး။ ဒါက နည်းမှန်လမ်းမှန်ပဲ။ လွတ်လပ်ရေးရတဲ့နေ့ကတည်းက ကျွန်တော်တို့ဟာ မြန်မာပြည်နဲ့ ဆက်နွယ်နေတယ်ဆိုတာကို နားလည်ကြဖို့လိုတယ်”
အမန် အူလာ၊ ရိုဟင်ဂျာလူကြီးသူမ တစ်ဦး၊
၂၀၂၃

၁၉၅၁
၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Nation သတင်းစာရှေ့မျက်နှာဖုံး
MFM.MC1195
လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံး ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ်တွင် ကျင်းပခဲ့သည်။ အမ်.အေ ဂါဖား နှင့် ဆူလ်တန်အာမက်တို့မှာ ထပ်မံရွေးကောက်ခံခဲ့ရသည်။ ဆူလ်တန်အာမက် ၏ ဇနီးဖြစ်သူ ဒေါ်အေးညွန့် (ဇူရာဘီဂမ်း) မှာ မြန်မာနိုင်ငံလွှတ်တော်အတွင်း ရွေးကောက်ခံခဲ့ရသည့် ပထမဆုံးသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Nation သတင်းစာ၏ မျက်နှာဖုံးတွင် ရွေးကောက်ပွဲရလဒ်များကို ကြေညာထားသည်။ ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်က အာက္ကိယာပ်ခရိုင်တွင် ညစာစား ပွဲကျင်းပပေးခဲ့သည်။ ဆူလ်တန်အာမက်နှင့် ဇနီးဖြစ်သူတို့နှစ်ဦးလုံး တက်ရောက်ခဲ့ကြသည်။

၁၉၅၄
“ပြည်ထောင်စုရဲ့ အနောက်တောင်ဘက်မှာ ရခိုင်တိုင်းရှိတယ်။ အဲ့ဒီမှာ ဘူးသီးတောင်နဲ့ မောင်တောလို့ခေါ်တဲ့ မြို့နှစ်မြို့ရှိတယ်။ ဒီမြို့နယ်တွေမှာနေတဲ့ ပြည်ထောင်စုသားတွေဟာ ရိုဟင်ဂျာအမျိုးသားများဖြစ်ကြပြီး မူဆလင်များ
ဖြစ်ကြတယ်။”
ဦးနု
မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်
၁၉၅၄
၁၉၅၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနုက ရေဒီယိုအသံလွှင့်ချက်တစ်ခု ထုတ်လွှင့်ခဲ့သည်။ နိုင်ငံတော်အသံလွှင့်ဌာန၏ ထုတ်လွှင့်မှုတွင် အာရကန်ပြည် (ယနေ့ခေတ် ရခိုင်ပြည်နယ်ဟုခေါ်သည်) နှင့် ရိုဟင်ဂျာလူထုအသိုက်အဝန်းနှင့်စပ်လျဥ်းသည့် မိန့်ခွန်းပြောကြားခဲ့သည်။ ယခုဖော်ပြထားသည်မှာ ထိုရေဒီယိုမိန့်ခွန်း၏ ကူးယူချက်ကို အစိုးရမှ ထုတ်ဝေခဲ့သည့် မူရင်းမှတ်တမ်းဖြစ်ပါသည်။

၁၉၅၆
၁၉၅၆ ခုနှစ်၊ မေလ ၆ ရက်နေ့က The Nation သတင်းစာတွင် ထုတ်ဝေခဲ့သည့် ရွေးကောက်ပွဲရလဒ်များ။
MFM.MC1195
၁၉၅၆ ခုနှစ်ရွေးကောက်ပွဲများတွင် ဆူလ်တန်အာမက်၊ အမ်၊အေ ဂါဖားနှင့် အဘ်ဒူလ်ဘောရှော် တို့မှာ လွှတ်တော် အမတ်များအဖြစ် ရွေးကောက်ခံခဲ့ရသည်။ ဆူလ်တန်မာမွတ်က ဘူးသီးတောင်ကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်လာခဲ့သည့် ၁၉၅၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ရိုဟင်ဂျာမဲပေးသူများသည် အရေးပါခဲ့သည်။ ၁၉၅၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ၎င်းကို ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

၁၉၆၀
၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်နေ့၊ ၁၉၆၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ဇူလိုင်လ ၁၀ ရက်နေ့များတွင် ထုတ်ဝေခဲ့သည့် The Nation သတင်းစာမှ ဆောင်းပါးများတွင် ရှမ်းနှင့်ကချင်ဒေသများကို တောင်တန်းဒေသအုပ်ချုပ်ရေး (FAA) သို့ ထည့်သွင်းခဲ့ကြောင်း အာရကန်ပြည်မြောက်ပိုင်းတွင်လည်း မေယုနယ်ခြားခရိုင်ကို ဖော်ဆောင်ခဲ့သည့်အကြောင်း ဖော်ပြထားသည်။ နောက်ခံပုံမှာ မေယုအထူးထုတ်အဖြစ် ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ဝေခဲ့သည့် ခေတ်ရေး မဂ္ဂဇင်း၏ မျက်နှာဖုံးဓာတ်ပုံဖြစ်သည်။
British Library: MFM.MC1199B
၁၉၅၉-၆၀ - ၁၉၅၉ ခုနှစ်နှောင်းပိုင်းကာလများတွင် ရှမ်းပြည်နယ် နှင့် မြန်မာ-တရုတ်နယ်စပ်ရှိ ကချင်ပြည်နယ်မှ ဒေသများကို အစိုးရအုပ်ချုပ်ရေးအောက်ရှိ တောင်တန်းဒေသအုပ်ချုပ်ရေး (FAA) အောက်သို့ ထည့်သွင်းခဲ့သည်။ တချိန်တည်းမှာပင် ဗုဒ္ဓဘာသာရခိုင်လူမျိုးများက အာရကန်ပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တည်ထောင်ခွင့်ကို ရလုဆဲဆဲဖြစ်ခဲ့သည်။ ဗုဒ္ဓဘာသာရခိုင်လူမျိုးများက လွှမ်းမိုးမှုကို စိုးရိမ်သဖြင့် ရိုဟင်ဂျာများက ရခိုင်ပြည်နယ် သီးခြားထူထောင်ရေးကို ကန့်ကွက်ခဲ့ကြသည်။ ရိုဟင်ဂျာများက တောင်တန်းဒေသအုပ်ချုပ်ရေး (FAA) အောက်၌ အာရကန်ပြည်မြောက်ပိုင်းတွင် အထူးအုပ်ချုပ်ခွင့်ရဒေသတစ်ခု ဖွဲ့စည်းပေးရန် အစိုးရကို ဖိအားပေးခဲ့ကြသည်။ ၁၉၆၀ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် The Nation သတင်းစာက FAA အနေဖြင့် အာရကန်ပြည်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ထဲမှ မြို့နယ်အချို့ပါဝင်သည့် မေယုနယ်ခြားခရိုင်ကိုဖွဲ့စည်းခဲ့သည်ဟု သတင်းဖော်ပြခဲ့သည်။

၁၉၆၁
၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ထုတ် ဂါးဒီးယန်းသတင်းစာရှိ မျက်နှာဖုံးဆောင်းပါးတွင် မေယုနယ်ခြားခရိုင်အကြောင်း ဖော်ပြခဲ့သည်။ ဆောင်းပါးထဲတွင် မူဂျာဟစ်သူပုန်များ လက်နက်ချသည့်အကြောင်းနှင့် ဗိုလ်မှူးချုပ်အောင်ကြီးက ၎င်း၏ မိန့်ခွန်းထဲတွင် “ရိုဟင်ဂျာအသိုက်အဝန်း” ကို အသိအမှတ်ပြုသည့်အကြောင်းဖော်ပြခဲ့သည်။
၁၉၆၁ - ဒုတိယကမ္ဘာစစ်တွင် အာရကန်ပြည်ထဲရှိ မူဆလင်များနှင့်ဗုဒ္ဓဘာသာ လူထုအသိုက်အဝန်းများက ဘက်နှစ်ဖက်လုံးမှ တိုက်ခဲ့ကြသည်။ မူဆလင်များက ဗြိတိသျှတို့ဘက်မှလည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များက ဂျပန်တို့ဘက်မှလည်းကောင်း အမှုထမ်းခဲ့ကြသည်။ ထို့ကြောင့် ထိုလူထုအသိုက်အဝန်းနှစ်ခုအကြား သိသာသည့် ကွဲပြားမှုကို ဖြစ်စေခဲ့သည်။ မူဆလင်များက အာရကန်မြောက်ပိုင်းနှင့် ဗုဒ္ဓဘာသာများက အာရကန်တောင်ပိုင်းသို့ တိမ်းရှောင်ခဲ့ကြသည်။ ၁၉၄၀ ခုနှစ်များနှောင်းပိုင်းနှင့် ၁၉၅၀ ခုနှစ်များနှောင်းပိုင်းတွင် မြန်မာပြည်တဝှမ်း၌ တိုင်းရင်းသားလက်နက်ကိုင်ပုန်ကန်မှုများ ပျံ့နှံ့လာခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း သွေးကွဲခဲ့မှု၏ ရလဒ်အဖြစ် အာရကန်ပြည်တွင် မူဆလင်ပုန်ကန်သူ (မူဂျာဟစ်)များ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့က အစိုးရကိုလည်း တိုက်သည့်အပြင် ဒေသတွင်းရှိ မူဆလင်သိုက်အဝန်းကိုလည်း ကသောင်းကနင်း ဖြစ်စေခဲ့သည်။ ၁၉၆၀ ခုနှစ်များအစောပိုင်းကာလတွင် ရိုဟင်ဂျာ အများအပြား၏ သိသိသာသာထောက်ခံမှုကို မူဂျာဟစ်တို့ ဆုံးရှုံးခဲ့ရသည်။ ၁၉၆၁ ခုနှစ်၊ မေလထဲတွင် မေယုနယ်ခြားခရိုင် အုပ်ချုပ်ရေး စတင်ပြီးနောက် ရာနှင့်ချီသော မူဂျာဟစ်များက အစိုးရထံ လက်နက်ချခဲ့ကြသည်။ ၁၉၆၁ ခုနှစ်၊ ဇူလိုင်လထဲတွင် ပြုလုပ်ခဲ့သည့် အလင်းဝင်ခြင်းအခမ်းအနား၌ ဗိုလ်မှူးချုပ် အောင်ကြီးက ရိုဟင်ဂျာလူမျိုးသည် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုတစ်စုဖြစ်သည်ဟု အသိအမှတ်ပြုခဲ့ကာ အစိုးရအနေဖြင့် အာရကန်ပြည်တွင်းရှိ ရိုဟင်ဂျာများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တန်းတူညီမျှမှုနှင့် ပါဝင်နိုင်မှုတို့အတွက် လုပ်ဆောင်သွားမည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် အစိုးရက အာရကန်ပြည်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအ ဖြစ်လျာထားမှုကို ပယ်ဖျက်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းခဲ့သည်။ အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၁၉၆၄ ခုနှစ်၌ မေယုနယ်ခြားခရိုင်ကို ဖျက်သိမ်းခဲ့သည်။

၁၉၆၁
The Nation သတင်းစာက ရိုဟင်ဂျာဘာသာစကားအစီအစဥ် စတင်ထုတ်လွှင့်မည့်အကြောင်း ၁၉၆၁ ခုနှစ် ဧပြီလ ၂၁ ရက် နှင့် သြဂုတ်လ ၂၀ ရက်နေ့များတွင် ဖော်ပြထားသည့် သတင်း။
၁၉၆၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၊ သောကြာနေ့တွင် မြန်မာ့အသံက “အမျိုးသားဘာသာစကားများဖြင့် ထုတ်လွှင့်မှုများ ပိုမိုလုပ်ဆောင်သွားမည်” ဟု ကြေညာခဲ့သည်။ ရိုဟင်ဂျာနှင့် အာရကန်ဗုဒ္ဓဘာသာ (ရခိုင်) များအတွက် အစီအစဥ်သစ်များထပ်မံထည့်သွင်းခဲ့သည်။ အမှန်တကယ်ထုတ်လွှင့်မှုကို ၁၉၆၁ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ခဲ့သည်။
“ကျွန်တော်က အာရကန်ပြည်မှာမွေးတယ်၊ ကျောင်းတက်ခဲ့တယ်။ နောက်တော့ အိန္ဒိယမှာ ရှစ်နှစ်ကြာ ပညာသင်တယ်။ မြန်မာပြည်ပြန်လာပြီးတော့ ကျောင်းဆရာလုပ်တယ်။ စာအုပ်သုံးအုပ်ရေးခဲ့တယ်။ တစ်နှစ်လောက်ကို မရပ်မနားရေးခဲ့တယ်။ စာရေးလို့ရခဲ့တဲ့ အသားမာတွေက ကျွန်တော့်လက်ချောင်းတွေမှာ ခုထိရှိနေသေးတယ်။
“ရေဒီယိုမှာ တစ်ပတ်ကို တစ်ကြိမ် ကိုရမ်ကျမ်းစာရွတ်ပြပြီးတော့ ရိုဟင်ဂျာဘာသာစကားနဲ့ သတင်းတွေကို ဖတ်ခဲ့တယ်။ ၁၉၆၁ ခုနှစ်မှာ မြန်မာ့အသံရဲ့ ရိုဟင်ဂျာဘာသာစကားအစီအစဥ် စခဲ့ပေမယ့် ၁၉၆၅ မှာ ဖျက်သိမ်းခံလိုက်ရတယ်။ ကျွန်တော်တို့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့တာပေ့ါ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့က အကုန်အတူတူပဲ။ တန်းတူအခွင့်အရေးတွေရတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတယ်။ ခုတော့ ဘာမှ မကျန်တော့ဘူး”
အာရှတ် ဟူစိန်၊ ရိုဟင်ဂျာ လူကြီးသူမတစ်ဦး
၂၀၁၈

30th Anniversary of Burmese Broadcasting Service
Language Programs, ten minutes each in Mon, Pau, Lahu and Rohinja were broadcasted starting from May 15, 1961.

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်စခန်းရှိ ၎င်း၏ တဲအတွင်း ထိုင်နေသည့် အေရှတ်။ ၎င်းမှာ ၁၉၆၀ ခုနှစ် အစောပိုင်းကာလများတွင် ရိုဟင်ဂျာအသံလွှင့်သူများထဲမှ တစ်ဦးဖြစ်သည်။ ၂၀၁၇ ခုနှစ် လူမျိုးတုံးအကြမ်းဖက်သတ်ဖြတ်မှုကြောင့် ၎င်းသည် အခြားသော ရိုဟင်ဂျာ ခုနစ်သိန်းကျော်နှင့်အတူ မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ရသည်။ အေရှတ်မှာ ၂၀၂၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်၌ အသက် (၁၀၈) နှစ် ရှိပြီဖြစ်သည်။

၁၉၆၄
Myanmar Encyclopedia, 1964
Government Printing House, Rangoon Vol 9.
There are over 400,000 to 500,000 population in the autonomous district of Mayu. Most of them make their livings by doing agriculture and fishing. The majority, making up 75% of the population are the Rohingya ethnic people and the other majority native people such as Rakhine, Dinet, Mro and Khami are also living in the region. The Rohingya are the believers in Islam.
(p. 90)
“ကျွန်တော်ကတော့ ဌာနေဒေသခံဖြစ်တယ်ဆိုတာကို သမိုင်း အထောက်အထား၊ အကိုးအကားတွေပြနေရတာ ပင်ပန်းလာပြီ။ ကျွန်တော်တို့ ဘာအကိုးအကားမှ ပြစရာမလိုဘူး။ ဒါတွေပြနေရတာ ပင်ပန်းလာပြီ။
“အာရကန်ပြည်ဟာ လွတ်လပ်တဲ့ ဘုရင့်နိုင်ငံတစ်ခုဖြစ်ခဲ့ချိန်ကတည်းက ကျွန်တော်တို့ မူလဌာနေဖြစ်ခဲ့တာကိုး။ မူဆလင်တွေဟာ အုပ်ချုပ်သူတွေဖြစ်ခဲ့တယ်။ စာပေရေးသားဖြန့်ဝေသူတွေ ဖြစ်ခဲ့တယ်။ စိုက်ပျိုးရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို မူဆလင်တွေ လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့မလုပ်ခဲ့တာ ဘာရှိလို့လဲ။ ကျွန်တော်တို့ ဘာမှ မလုပ်ခဲ့ကြဘူးလို့ ခင်ဗျားငြင်းလို့မရဘူး။ အာရကန်ပြည်ဟာ ကျွန်တော်တို့ရဲ့ ပါဝင်ပေးဆပ်မှုပါပဲ။ ကျွန်တော်တို့ရဲ့ ပါဝင်ပေးဆပ်မှုဟာ အာရကန်ပြည်နယ်ကို မြန်မာပြည်တွင်းမှာ ကြီးကျယ်ခမ်းနားစေလိမ့်မယ်။”
နူရူရ် အစ္စလာမ်၊ ရိုဟင်ဂျာ လူကြီးသူမတစ်ဦး (၂၀၂၃)