
၇
ကြံ့ကြံ့ခံနိုင်မှု
ရပိုင်ခွင့်များကို ပြန်လည် ဖော်ဆောင်ထိန်းသိမ်းခြင်းနှင့် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဓလေ့တစ်ခုက လူထုအသိုက်အဝန်းတစ်ခုချင်းစီတိုင်းမှာ သူတို့ရဲ့ လှုပ်ရှားမှု၊ လက်နက်ကိုင်လှုပ်ရှားမှုရှိတယ်။ ဒါပေမဲ့ အဲ့ဒီအောက်မှာပဲ တစ်ပြိုင်တည်းဖြစ်နေတဲ့ လှုပ်ရှားမှုနှစ်ခုရှိတယ်။ တစ်ခုက တောထဲကနေဖြစ်ပြီး နောက်တစ်ခုက လွှတ်တော်ထဲမှာ။ ကျွန်တော်တို့ ခေါင်းဆောင်တွေက လွှတ်တော်ထဲမှာ အတိုက်အခံလုပ်ခဲ့ကြသလိုပဲ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်နိုင်ဖို့ လှုပ်ရှားမှုတွေလည်း လိုခဲ့ကြတယ်။ တကယ်လို့ ရိုဟင်ဂျာတွေက သူတို့ရဲ့ လက်နက်ကိုင် လှုပ်ရှားမှုကိုသာ မလုပ်နိုင်ခဲ့ကြရင် သူတို့တွေ အဆုံးသတ်သွားမှာပဲ”
“ဒါပေမဲ့ အဓိကအကျဆုံး၊ အခြေခံအကျဆုံး ခြားနားမှုတစ်ခုကတော့ ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုဟာအမြဲတမ်းလိုလို ခြိမ်းခြောက်ခံခဲ့ရတာပါပဲ”
နူရုလ်အစ္စလာမ်၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊
၂၀၂၃
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစဥ်ကတည်းက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်အရှည်ကြာဆုံးနိုင်ငံများထဲမှ တစ်ခု ဖြစ်ခဲ့သည်။ လွတ်လပ်ရေးမရမီကာလ တိုင်းသစ်ပြည်သစ်ထူထောင်ရန်အတွက် ဆွေးနွေးမှုများတွင် တိုင်းရင်းသားလူနည်းစုအများအပြားမှာ ပါဝင်ခွင့်မရကြခဲ့ပေ။ ထို့ကြောင့် အားနည်းချက်များရှိနေသည့် ဖွဲ့စည်းပုံဥပဒေမှာ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို အပြည့်အဝထည့်သွင်းအသိအမှတ်ပြုခဲ့ခြင်းမရှိသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုကြပြီး လူမျိုးစုအသိုက်အဝန်းများမှာ ဗဟိုအစိုးရ၏ မူဝါဒများကို စတင် ဆန့်ကျင်ခဲ့ကြသည်။ ၁၉၄၀ ပြည့်နှစ် နှောင်းပိုင်းကာလများနှင့် ၁၉၅၀ ပြည့်နှစ်အစောပိုင်းကာလများတွင် နိုင်ငံအနှံ့ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့်ကွန်မြူနစ်များက ၎င်းတို့ ကိုယ်တိုင်လက်နက်ကိုင်စွဲကြပြီး အစိုးရကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသည်။ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ်ကာလများတွင် ဆိုရှယ်လစ်အစိုးရနှင့် စစ်တပ်တို့က တိုင်းရင်းသားလူနည်းစုများကို ထိန်းချုပ်ဖိနှိပ်ရန် ၎င်းတို့၏ ဆောင်ရွက်မှုများကို ပို၍ပြင်းပြင်းထန်ထန်လုပ်လာခဲ့သည်။ ကရင်၊ ကရင်နီ၊ မွန်၊ ပအို့ဝ်၊ ရခိုင် (အာရကန်ဗုဒ္ဓဘာသာဝင်များ)၊ ကချင်၊ ချင်း၊ ရှမ်းနှင့် အခြားသော လူမျိုးစုအသိုက်အဝန်းများက စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ သတင်းစာများထဲမှ သတင်းများ၊ ပေးစာများ၊ အတွေးအမြင်ဆောင်းပါးများ နှင့်အတူ ရိုဟင်ဂျာ လွတ်မြောက်ရေးအုပ်စု အသီးသီးမှ စုဆောင်းထားသည့် ရှားပါး ပုံနှိပ်မဂ္ဂဇင်းများက ရိုဟင်ဂျာများအနေဖြင့် လူထုစကားသံများ၊ နိုင်ငံရေး လမ်းကြောင်းများ၊ နိုင်ငံတွင်းရှိ အခြားသော တိုင်းရင်းသားအုပ်စုများကဲ့သို့ လက်နက်ကိုင်လမ်းစဥ်တို့ဖြင့် ကြံ့ကြံ့ခံတော်လှန်ခဲ့ပုံတို့ကို ပြသနေသည်။ ၎င်းတို့က အလွန်ဖိနှိပ်သော စစ်အစိုးရကို ဆန့်ကျင်ရာတွင် အခြားသော သူများနှင့် တညီတညွတ်တည်းရပ်တည်နေရင်းမှာပင် ၎င်းတို့အသိုင်းအဝန်းကို ခုခံကာကွယ်ရေးနှင့် လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

၁၉၄၈ - ၁၉၄၈ ခုနှစ် ဇန်နဝါရီလ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း လများနှင့် နှစ်ကာလများတွင် အာရကန်ပြည်အပါအဝင် နိုင်ငံအနှံ့၌ တိုင်းရင်းသားလက်နက်ကိုင် ပုန်ကန်မှုများပြင်းထန်လာခဲ့သည်။ အာရကန်အမျိုးသားရေး ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်ခွဲထွက်ရေးသမားများ (ထိုစဥ်က မူဂျာဟစ်ဟု ခေါ်သည်) တို့မှာ အစိုးရတပ်များကို ပုန်ကန်တိုက်ခိုက် ခဲ့ကြသည်။ ဒေသခံလူထုအသိုက်အဝန်းများမှာ တရားဥပဒေစိုးမိုးမှု မရှိသောကြောင့် အကြမ်းဖက်ခံကြရသည်။ ထိုစဥ်က သတင်းစာများမှာ အာရကန်ပြည်တွင်း၌ ဥပဒေစိုးမိုးမှုမရှိခြင်းကို မျက်နှာဖုံးစာမျက်နှာများတွင် တောက်လျှောက်ဖော်ပြခဲ့ကြသည်။ ၁၉၃၆ ခုနှစ်က ထူထောင်ခဲ့သော Jamait ul-Ulema အဖွဲ့အစည်းသည် အထူးသဖြင့် အာရကန်မြောက်ပိုင်းရှိ မူဆလင်များအတွက် နိုင်ငံရေးဟစ်တိုင်တစ်ခုဖြစ်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ အောက်တိုဘာလက မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် ဦးနု အာရကန်ပြည်မြောက်ပိုင်းသို့ မလာရောက်မီ Jamait ul-Ulema က ကြိုဆိုကြောင်းစာကိုရေးသားခဲ့ပြီး ထိုစာထဲတွင် ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့် ၎င်းတို့ကို မြန်မာနိုင်ငံက လူမျိုးစုအဖြစ် ရှုမြင်ရန် တောင်းဆိုခဲ့သည်။

၁၉၄၉ - အာရကန်ပြည်မြောက်ပိုင်းတွင် မူဆလင်ခွဲထွက်ရေးသမားများသည် အစိုးရတပ်များကို တိုက်နေပြီး ဒေသခံမူဆလင်လူစုများကိုလည်း အကြမ်းဖက်နေကြသည်။ အစိုးရတပ်များနှင့် အာရကန်ဗုဒ္ဓဘာသာဝင်များကလည်း ဒေသခံ မူဆလင်လူစုများကို ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေကြသည်။ ၁၉၄၉၊ မေလတွင် အာရကန်မြောက်ပိုင်းမှ မူဆလင်ဒုက္ခသည် ၇၀၀၀ ခန့်မှာ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) သို့ နယ်စပ်ဖြတ်ကျော်၍ ခိုလှုံခဲ့ကြသည်။ အာရကန် မူဆလင်ဒုက္ခသည်များကော်မတီ(ဗဟို) က အာရကန်မြောက်ပိုင်းရှိ အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်း ဗဟိုအစိုးရထံသို့ စာပေါင်း များစွာ ပေးပို့ခဲ့သည်။ ဒီဇင်ဘာလ ၂၂ရက်၊ ၁၉၄၉ ခုနှစ်တွင် အာရကန် မူဆလင်ဒုက္ခသည်များကော်မတီ(ဗဟို) မှ ခေါင်းဆောင်များက မြန်မာနိုင်ငံနှင့်ထိစပ်နေသော အရှေ့ပါကစ္စတန်မြို့ တာ့ခ်နဖ်တွင် စုဝေးခဲ့ကြသည်။ ၎င်းတို့က အာရကန်ပြည်မြောက်ပိုင်းတွင် မူဆလင်လူထုအပေါ် ကျုးလွန်နေသည့် အကြမ်းဖက်မှုများကို အသေးစိတ်ထည့်သွင်းထားသည့် ထုတ်ပြန်ဖြေရှင်းမှုများစွာကို ရေးသားခဲ့ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိမှုကို ဖော်ထုတ်ပြသသည့်တိုင်အောင် မူဆလင်လူထုက ၎င်းတို့အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် ပြင်ဆင်သွားကာ ငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်သွားမည်ဟု ဆိုကြသည်။ သို့ရာတွင် ၎င်းတို့ကို သောင်းကျန်ပုန်ကန်သည့် လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မရှုမြင်ဘဲ အခြားသူများ၏ ဖိနှိပ်မှုများကို ခုခံကာကွယ်တွန်းလှန်နေသည့် လူထုအသိုက်အဝန်းတစ်ခုအဖြစ်သာ ရှုမြင်ကြရန်လည်း တောင်းဆိုခဲ့ကြသည်။

၁၉၅၄ - ၁၉၅၃ ခုနှစ်နှင့် ၁၉၅၄ ခုနှစ်များတွင် မြန်မာနိုင်ငံက လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သန်းခေါင်စာရင်းကောက်ယူမှုပြုလုပ်ခဲ့သည်။ ထို သန်းခေါင်စာရင်း ကောက်ယူမှုများတွင် ရိုဟင်ဂျာများကို “အိန္ဒိယ သို့မဟုတ် ပါကစ္စတန်” ဟုသတ်မှတ်ရန် ကြိုးပမ်းခဲ့ကြသည်။ ဒီဇင်ဘာလ ၂၄ ရက်၊ ၁၉၅၄ ခုနှစ်တွင် ရိုဟင်ဂျာ ၅၀၀၀ ကျော်က မောင်တောမြို့တွင် စုဝေးကာ ထိုသို့သတ်မှတ်ရန်လုပ်ဆောင်ခဲ့ခြင်းကို ကန့်ကွက်ခဲ့ပြီး ရိုဟင်ဂျာများကိုလည်း အခြားသော ဌာနေလူမျိုးစုများကဲ့သို့ပင် မြန်မာနိုင်ငံနှင့် သက်ဆိုင်ကြောင်း သတ်မှတ်ပေးရန်တောင်းဆိုခဲ့ကြသည်။ ရိုဟင်ဂျာ လွှတ်တော်အမတ်များ ဖြစ်ကြသည့် ဆူလ်တန်အာမက်နှင့်အဘူလ်ဘော်ရှောရ်တို့က အစည်းအဝေး၌ စကားပြောခဲ့သည်။ ထိုအစည်းအဝေးကို ဇန်နဝါရီလ ၈ ရက်နေ့၊ ၁၉၅၅ ခုနှစ်ထုတ် New Times of Burma သတင်းစာတွင် ဖော်ပြခဲ့သည်။

The Nation နှင့် The New Times of Burma တို့တွင် ၁၉၅၈ ခုနှစ် နှင့် ၁၉၅၉ ခုနှစ်များတွင်ဖော်ပြခဲ့သော ဆောင်းပါးများ၏ ခေါင်းစီးများ
၁၉၅၀ ပြည့်နှစ်များ - ကရင်၊ ကရင်နီ၊ မွန်၊ ပအို့ဝ်နှင့် အာရကန် (ရခိုင်ဗုဒ္ဓဘာသာဝင်) စသည့် တိုင်းရင်းသားလူမျိုးစုများက လက်နက်ကိုင် ပုန်ကန်မှုမှတဆင့် နိုင်ငံ၏ အစိတ်အပိုင်းတော်တော်များများကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ နိုင်ငံ ကို တည်ငြိမ်အောင် ကြိုးပမ်းသည့်အနေဖြင့် ဦးနုက ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို စတင်လုပ်ဆောင်ခဲ့သည်။ ဒီမိုကရေစီနှင့်လက်နက်လဲလှယ်ရေး မူဝါဒကြောင့် ထိုတိုင်းရင်းသားလူမျိုးစုများထဲမှ ပုန်ကန်သူ အများအပြားက လက်နက်ချခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်များသို့ရောက်လာသည့်အခါ ထို လက်နက်ကိုင်ပဋိပက္ခများမှာ ပို၍အရှိန်မြင့်လာခဲ့ပြီး အခြားသော လူမျိုးစုများဖြစ်သည့် ရှမ်း၊ ကချင်နှင့် ချင်းတို့ကလည်း ကိုယ်ပိုင် လက်နက်ကိုင်တပ်များဖွဲ့စည်းခဲ့ကြသည်။

၁၉၅၈ - ၁၉၅၈ ခုနှစ်အစောပိုင်းတွင် အာရကန်ဗုဒ္ဓဘာသာများနှင့် ၎င်းတို့၏ အဓိကနိုင်ငံရေးပါတီတို့က အာရကန်ပြည်ထူထောင်ရန် စတင်လှုပ်ရှားခဲ့ကြသည်။ ထူထောင်မည့် အာရကန်ပြည်ကို အာရကန်ဗုဒ္ဓဘာသာများက အုပ်ချုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် အာရကန်ပုန်ကန်သူများက ပြည်နယ်ထူထောင်ရန် အထောက်အပံ့ဖြစ်စေမည်ဟု မျှော်လင့်ကာ လက်နက်ချခဲ့ကြသည်။ နောက်ထပ် ၃ နှစ်ကြာသည်အထိ အာရကန်ပြည်ထူထောင်မည့်အရေး ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြပြီး The Nation၊ The Guardian နှင့် The New Times of Burma ကဲ့သို့သော သတင်းစာများက ဖော်ပြခဲ့ကြသည်။ ၁၉၆၀ ခုနှစ်တွင် ဝန်ကြီးချုပ်ဦးနုက အာရကန်ပြည် ခွဲထွက်ထူထောင်ခွင့်ကို ကတိပြုခဲ့သော်လည်း ရိုဟင်ဂျာများအပါအဝင် လူအများအပြားက အခိုင်အမာဆန့်ကျင် ခဲ့ကြသည်။

၁၉၆၀ - အာရကန်ပြည်ရှိ မူဆလင်လူထုက အာရကန်ပြည်ခွဲထွက်ထူထောင်မည့်အရေးကို ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့က အာရကန်ပြည်၏ အုပ်ချုပ်ရေးကို ဗဟိုအစိုးရအောက်တွင်သာ ရှိစေလိုကြသည်။ ရိုဟင်ဂျာ ခေါင်းဆောင်များအနေဖြင့် အာရကန်ပြည်သစ်သည် အာရကန်ဗုဒ္ဓဘာသာဝင်များ ထိန်းချုပ်သည့်နယ်မြေတစ်ခုဖြစ်လာပြီး အာရကန်ဗုဒ္ဓဘာသာဝင် လူထုကသာ စီးပွားရေးနှင့်နိုင်ငံရေးအရ ကြီးစိုးနိုင်သည့် အနေအထားရောက်သွားမည်ကို သိရှိခဲ့ကြသည်။ ရိုဟင်ဂျာလွှတ်တော်အမတ်ဟောင်းနှင့် လွှတ်တော်အတွင်းဝန်ဟောင်း ဆူလ်တန်အာမက်က အာရကန်ပြည်ခွဲထွက်ထူထောင်ခြင်းကို ဆန့်ကျင်ရသည့် အကြောင်းရင်း ၈ ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို အမှာစာကို အာရကန်ပြည်ထူထောင်ရေးကို လေ့လာသုံးသပ်နေသည့် အကြံပေးကော်မတီထံသို့ တင်သွင်းခဲ့သည်။ ထိုစာကို The Guardian က ဇွန်လ ၂၈ ရက်၊ ၁၉၆၀ ခုနှစ်တွင် ဖော်ပြခဲ့သည်။

၁၉၆၀ - ၁၉၆၀ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းတွင် အာရကန်ပြည်မှ မူဆလင်လူထုကိုယ်စားလှယ်များက အာရကန်ပြည်ခွဲထွက်ထူထောင်ရေးကို ဆက်လက်ဆန့်ကျင်ခဲ့ကြသည်။ ထူထောင်မည့် အာရကန်ပြည်၏ ဖွဲ့စည်းပုံဥပဒေ၌ အချက် ၂၂ ချက် ထည့်သွင်းသင့်သည်ဟု ၎င်းတို့က တောင်းဆိုခဲ့ကြသည်။ ထို အချက်များမှာ မူဆလင်လူနည်းစုများ၏ ဘာသာရေး၊ ယဥ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ပညာရေးနှင့် အခြားအခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

The Guardian သတင်းစာတွင် ဇူလိုင်လ ၉ရက်၊ ၁၉၆၁ ခုနှစ်က ဖော်ပြခဲ့သော ဆောင်းပါးထဲ၌ မူဂျာဟစ်များက အာရကန်မြောက်ပိုင်းတွင် ထောက်ခံမှုများဆုံးရှုံးသွားပုံကို ဖော်ပြထားသည်။ မေယုနယ်ခြားခရိုင်ဖွဲ့စည်းပြီးနောက်တွင်လည်း ရိုဟင်ဂျာများက အာရကန်ပြည်ခွဲထွက်ထူထောင်ရေးကို ဆက်လက် ကန့်ကွက်ခဲ့ကြသည်ဟု The Nation သတင်းစာက နိုဝင်ဘာလ ၂၈ရက်၊ ၁၉၆၁ ခုနှစ်တွင် ရေးသားဖော်ပြခဲ့သည်။ နောက်ခံပုံမှာ ဇူလိုင်လ ၁၈ ရက်၊ ၁၉၆၁ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Khit Yay မဂ္ဂဇင်း၏ မေယုအထူးထုတ်မျက်နှာဖုံးပုံဖြစ်သည်။
၁၉၆၁ - ၁၉၆၀ ပြည့်နှစ်ကာလများအစောပိုင်းတွင် မူဂျာဟစ် လှုပ်ရှားမှုမှာ အရှိန်ကျသွားပြီး ရိုဟင်ဂျာများ၏ ထောက်ခံမှုလည်း ကျဆင်းသွားခဲ့သည်။ မေယုနယ်ခြားခရိုင်ကို ဖွဲ့စည်းခဲ့ပြီး အာရကန်မြောက်ပိုင်းရှိ မြို့နယ်များမှာမူ ဗဟိုအစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေဆဲဖြစ်သည်။ မေလ၊ ၁၉၆၁ ခုနှစ်တွင် အာရကန်ပြည်မြောက်ပိုင်း၌ မေယုနယ်ခြားခရိုင်အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ရာနှင့်ချီသော မူဂျာဟစ်လက်နက်ကိုင်များက အစိုးရထံ လက်နက်ချအလင်းဝင်ခဲ့ကြသည်။ ဝန်ကြီးချုပ်ဦးနုက အာရကန်ဗုဒ္ဓဘာသာဝင်လူထုကို အာရကန်ပြည်ခွဲထွက်ထူထောင်ရေး ကတိပြုခဲ့သော်လည်း ရိုဟင်ဂျာများနှင့်အခြားသူများက ဆက်လက် ကန့်ကွက်ခဲ့ကြသည်။ ရိုဟင်ဂျာများက အာရကန်ဗုဒ္ဓဘာသာဝင်များ ကြီးစိုးသည့် နယ်မြေထက် ဗဟိုအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်သာ အာရကန်ပြည်ကို ဆက်လက် ရှိစေလိုကြသည်။

၁၉၆၂ ခုနှစ် မတ်လ ၁၊ ၂ နှင့် ၃ ရက်နေ့များတွင် The Nation သတင်းစာ၌ ဖော်ပြခဲ့သည့် ဆောင်းပါးများ။ ထိုဆောင်းပါးများထဲတွင် အာရကန်ပြည်ထူထောင်ရေးကို အစိုးရက ဖျက်သိမ်းလိုက်ပြီး ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းလိုက်ကြောင်းကို ရေးသားထားသည်။
၁၉၆၂ - မတ်လ ၁ရက်၊ ၁၉၆၂ ခုနှစ်တွင် အစိုးရက အာရကန်ပြည်ထူထောင်ရေး စဥ်းစားချက်ကို ပယ်ဖျက်ခဲ့သည်။ မတ်လ ၂ရက်၊ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းခဲ့သည်။ အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၁၉၆၄ ခုနှစ်တွင် မေယုနယ်ခြားခရိုင်ကို ဖျက်သိမ်းခဲ့သည်။ ၁၂ နှစ်ကြာပြီးနောက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရခိုင်ပြည်နယ် ဟု သတ်မှတ်ခဲ့သည်။

၁၉၇၀ ပြည့်နှစ်ကာလများမှ ၂၀၀၀ ပြည့်နှစ်ကာလများအထိ ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့အသီးသီးက ၎င်းတို့၏ ကိုယ်ပိုင် မဂ္ဂဇင်းများနှင့် ဂျာနယ်များကို ထုတ်ဝေခဲ့သည်။ ထိုထုတ်ဝေသည့်စာပေများက နိုင်ငံတကာအသိုက်အဝန်းက ကြားနိုင်သည့် ရိုဟင်ဂျာများ၏ အသံများဖြစ်ခဲ့သည်။ မဂ္ဂဇင်းများ၌ ထို ဆယ်စုနှစ်များအတွင်းက သမိုင်းကြောင်းများ၊ မြန်မာနိုင်ငံတွင်းမျက်မှောက်ရေးရာများကို လေ့လာသုံးသပ်ချက်များ နှင့် ရိုဟင်ဂျာလူထုအပေါ် ဖိနှိပ်မှုများကို စေ့စေ့စပ်စပ်ရေးသားထားသည့် နောက်ဆုံးရ သတင်းများ ပါဝင်ခဲ့သည်။

“အာရကန်ပြည်မှာရှိတဲ့ ကျွန်တော်တို့ သွေးသားရင်းလူထုအသိုက်အဝန်းနှစ်ခုထက်တောင် ပိုနောက်ကျပြီးမှ မြန်မာနိုင်ငံမှာ အခြေချခဲ့တဲ့ တခြား လူနည်းစု နိုင်ငံသားတွေလိုပဲ ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ မွေးရာပါ မြန်မာနိုင်ငံသားစစ်စစ်တွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ကို နိုင်ငံခြားသားတွေ၊ သစ္စာဖောက်တွေ၊ အဖျက်သမားတွေ၊ ကိုယ်ပိုင်အုပ်ချုပ်လိုသူတွေ နောက်ပြီး ခွဲထွက်ရေးသမားတွေလို့ တံဆိပ်ကပ်ကြတာတွေက ကျွန်တော်တို့ကို တန်းတူအခွင့်အရေးနဲ့ လွတ်လပ်မှုတို့အတွက် မဆုတ်မနစ်တိုက်ပွဲဝင်နေတဲ့ လမ်းကြောင်းကနေ တစ်စက်ကလေးမှ သွေဖည်သွားအောင်မလုပ်ဆောင်နိုင်ပါဘူး”
“အစိုးရရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူတွေဆီကလာပါတယ်။ ပြည်သူလူထုရဲ့ သဘောထားခံယူချက်ဟာ အင်မတန်အရေးပါပါတယ်။ လူထုကသာထောက်ခံရင် ဘာမဆိုဖြစ်နိုင်ပြီးတော့ လူထုထောက်ခံမှုမပါရင်လည်း ဘာမှ အောင်မြင်မှာမဟုတ်ပါဘူး။ ရန်လိုမှု၊ ဖိနှိပ်မှု၊ မျိုးဖြုတ်သုတ်သင်မှု၊ ရမ်းကားမှု၊ ကြမ်းကြုတ်မှု၊ အပေါ်ယံတိုင်းချစ်ပြည်ချစ်စိတ်နဲ့ ကိုယ်တိုင်ပြဋ္ဌာန်းထားသည့် ဟန်ပြဆိုရှယ်လစ်ဝါဒတွေက ခေတ်မမီတော့ဘဲနဲ့ တော်တော်လေးကိုလည်း ရွံရှာမုန်းတီးဖို့ကောင်းပါတယ်။ ကျွန်တော်တို့က အသိပညာဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်ကိုရောက်နေပြီဖြစ်တဲ့အတွက် ကမ္ဘာကလည်း အရောင်အသွေးတွေ၊ အယူဝါဒတွေ မခွဲခြားဘဲ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်ကြတယ်”
“ဖိနှိပ်မှုတွေ၊ ရန်လိုမှုတွေရှိတဲ့အခါ တော်လှန်ခုခံမှုလည်းရှိတယ်။ ကျွန်တော်တို့အားလုံးဟာလည်း အာဏာအလွဲသုံးစားလုပ် ဖိနှိပ်နေတဲ့ အစိုးရလက်ထဲက လွတ်မြောက်ဖို့အတွက် ဘာပဲပေးဆပ်ရဆပ်ရ ပြင်ဆင်ထားဖို့လိုတယ်”
“လုယူခံထားရတဲ့ ကျွန်တော်တို့အားလုံးရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ချက်ချင်း အပြည့်အဝပြန်လည်ရရှိနိုင်ဖို့ ကျွန်တော်တို့ဟာ တကယ့် တော်လှန်ရေးထဲ ပါဝင်လှုပ်ရှားနေရတာဖြစ်ပါတယ်”
RPF ၏ ပုံနှိပ်ထုတ်ဝေမှုထဲမှ ကောက်နုတ်ချက်များ၊ ဖေဖော်ဝါရီ ၂၀၊ ၁၉၇၈။
၁၉၇၈ - ၁၉၇၃ ခုနှစ်တွင် ရိုဟင်ဂျာလက်နက်ကိုင်တစ်စုက ရိုဟင်ဂျာမျိုးချစ်တပ်ဦး (RPF)ကို တည်ထောင်ခဲ့ကြသည်။ နေဝင်း၏ မူဝါဒများသည် အထူးသဖြင့် အာရကန်ပြည်ရှိ ရိုဟင်ဂျာများ အပါအဝင် မူဆလင်လူထုအသိုက်အဝန်းများအပေါ် လူမျိုးရေးအရ အလွန်အမင်းခွဲခြားဆက်ဆံပြီး နိုင်ငံခြားသားဆန့်ကျင်ရေးဝါဒကို အခြေခံသည့် အစွန်းရောက်မျိုးချစ်စိတ်အစွဲများပါဝင်နေသည်။ ငါးနှစ်ကြာပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်၊ ၁၉၇၈ ခုနှစ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများက အာကျပ်ခရိုင်သို့ဝင်ရောက်ကာ နဂါးမင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြသည်။ အာရကန်ပြည်တွင် ထိုစစ်ဆင်ရေးမှာ တရားမဝင် “ဘင်္ဂလီ” ရွှေ့ပြောင်းအခြေချသူများကို ရှင်းလင်းရန် ကြိုးပမ်းမှုတစ်ရပ်ဟုဆိုကာ “လူဝင်မှုကြီးကြပ်ရေးစစ်ဆင်ရေး” တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာများမှာ အကြမ်းဖက်မှုများ၊ ဖမ်းဆီးမှုများနှင့် သတ်ဖြတ်မှုများဖြင့် ပစ်မှတ်ထားခံခဲ့ရသည်။ ထို့ကြောင့် သောင်းနှင့်ချီသောရိုဟင်ဂျာများမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ဖေဖော်ဝါရီလ ၂၀ရက်၊ ၁၉၇၈ ခုနှစ်တွင် ရိုဟင်ဂျာမျိုးချစ်တပ်ဦးက စာမျက်နှာ ၂၀ ပါသည့် ဤစာတမ်းကို ထုတ်ဝေခဲ့သည်။ ထိုအထဲတွင် ရိုဟင်ဂျာများအပေါ် ကျုးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် နေဝင်းအစိုးရ၏ မတရားမှုများကို အသေးစိတ်ထည့်သွင်းထားပြီး စစ်ဆင်ရေးကို “လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူမျိုးရေးခွဲခြားမှု” အဖြစ်ဖော်ပြခဲ့သည်။ စာတမ်းထဲတွင် စစ်ဆင်ရေးကို ချက်ချင်းရပ်တန့်ပေးရန်အပြင် အခြားတောင်းဆိုချက်ငါးချက်ကိုလည်း တောင်းဆိုခဲ့သည်။

The Bangladesh Times & Bangladesh Observer ကဲ့သို့သော သတင်းစာများတွင် နဂါးမင်းစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာများအပေါ်ကျုးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ရေးသားထားသည့် သတင်းခေါင်းစဥ်များ။
၁၉၇၈ - နောက်ထပ် သုံးလတာအတွင်း ရိုဟင်ဂျာပေါင်း နှစ်သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ တိမ်းရှောင်ခဲ့ကြရသည်။ နဂါးမင်းစစ်ဆင်ရေးအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ရိုဟင်ဂျာအများစုကို ပြန်လာခွင့်ပြုခဲ့သော်လည်း မြန်မာအာဏာပိုင်များက ၎င်းတို့ကို နိုင်ငံခြားသား “ဘင်္ဂလီ” များဟု တံဆိပ်ကပ်ခဲ့ကြသည်။

“ရိုဟင်ဂျာမျိုးချစ်တပ်ဦး (RPF)ရဲ့ ကာကွယ်စောင့်ရှောက်သူတွေဟာ ဖိနှိပ်ခံ၊ ချုပ်ချယ်ခံ၊ အပစ်ပယ်ခံ၊ နှင်ထုတ်ခံ ရိုဟင်ဂျာတွေထဲက ထောင်နဲ့ချီတဲ့ သစ္စာခံတပ်သားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လုံးဝဥဿုံလွတ်မြောက်ရေးကို ရယူနိုင်ဖို့အတွက် ရနိုင်သမျှကြိုးပမ်းအားထုတ်သွားမှာပါ”
၁၉၇၈ - ရိုဟင်ဂျာမျိုးချစ်တပ်ဦးက အစောပိုင်းထုတ်ဝေခဲ့သော “ကျွန်ုပ်တို့၏ အသံ” ဟု ခေါင်းစဥ်ပေးထားသည့် စာစဥ်။ မေလ၊ ၁၉၇၈ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် စာစဥ်ထဲ၌ ထိုနှစ်အစောပိုင်းက ဆောင်ရွက်ခဲ့သည့် နဂါးမင်းစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာများအပေါ် ထိခိုက်နစ်နာစေခဲ့သော အကြမ်းဖက်မှုများနှင့် နေရပ်ရွှေ့ပြောင်းရမှု များအတွက် မြန်မာအစိုးရကို ပြစ်တင်ရှုတ်ချခဲ့သည်။ တရားမျှတမှု အတွက် ရိုဟင်ဂျာများ၏ တောင်းဆိုမှုကိုလည်း ပိုမိုခိုင်မာစေခဲ့သည်။.

“နိုင်ငံသားဖြစ်မှု - ဤကဲ့သို့ အမျိုးအစားခွဲခြားသတ်မှတ်ခြင်းမှာ အထူးသဖြင့် ရိုဟင်ဂျာများ နားလည်ရခက်စေရန် ပညာသားပါပါဖြင့်လုပ်ဆောင်ထားခြင်းသာဖြစ်သည်။ မြန်မာပြည်သည် ၎င်း၏မြေသို့ နေရာဒေသပေါင်းစုံမှ လာရောက်စုံစည်းကြသော လူမျိုးပေါင်းစုံနေထိုင်ရာ အရပ်တစ်ခုဖြစ်သည်။ ရိုဟင်ဂျာများမှာလည်း ၎င်းတို့ လာရောက်အခြေချနေထိုင်သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့်အတွက် ထိုလူမျိုးစုများထဲမှ တစ်စုအဖြစ်သတ်မှတ်ခံရပိုင်ခွင့်ရှိသည်။ ဤအချက်ကို မည်သူမျှ ငြင်းဆိုနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သမိုင်းကြောင်းအရ ရပိုင်ခွင့်ပင်ဖြစ်သည်”
၁၉၈၂ - ၁၉၈၁ ခုနှစ်အစောပိုင်းတွင် ရိုဟင်ဂျာမျိုးချစ်တပ်ဦး (RPF)က ရိုဟင်ဂျာတို့၏ခေါ်သံ သို့မဟုတ် Rohingya-R-Daak အမည်ရ မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ဇူလိုင်လ ၄ရက်၊ ၁၉၈၀ ခုနှစ်တွင် Government Daily Journal Guardian ၌ နိုင်ငံသားဥပဒေမူကြမ်းကို တရားဝင် ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီလ ၁၉၈၂ ခုနှစ်၌ ထုတ်ဝေသော Rohingya-R-Daak (အတွဲ ၂၊ အမှတ် ၁) တစ်ခုလုံးနီးပါးသည် အဆိုပြုထားသော ဥပဒေသစ်များ၏ တရားဝင်ဖြစ်မှုကို စိန်ခေါ် မေးခွန်းထုတ်ထားမှုများသာဖြစ်သည်။

အောက်တိုဘာလ ၁၆ ရက်၊ ၁၉၈၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် လုပ်သားပြည့်သူ့နေ့စဥ်သတင်းစာ အထူး ဖြည့်စွက်ချက်ထဲ၌ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၏ အသေးစိတ်အချက်များကို ဆွေးနွေးထားသည်။
၁၉၈၂ - နေဝင်းအစိုးရက အငြင်းပွားဖွယ် ၁၉၈၂ နိုင်ငံသားဥပဒေကို အတည်ပြုပေးခဲ့သည်။ ထိုဥပဒေ၌ နိုင်ငံသားဖြစ်မှုနှင့် စပ်လျဥ်း၍ အမျိုးအစား ၃ မျိုး ခွဲခြားထားသည်။ နိုင်ငံသားဖြစ်မှုသည် ယခုအခါ တိုင်းရင်းသားဖြစ်မှုနှင့် မြန်မာနိုင်ငံတွင်း အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုးဖြစ်မှုအပေါ် မူတည်သည်။ ထိုစဥ်က ထိုတိုင်းရင်းသားလူမျိုးများကို အဓိပ္ပါယ်သတ်မှတ်ခြင်း မပြုရသေးပေ။ ဥပဒေက ရိုဟင်ဂျာများအပါအဝင် နိုင်ငံသားအဖြစ် သတ်မှတ်ခံထားရပြီးသားသူများအနေဖြင့် နိုင်ငံသားဖြစ်မှုကို မဆုံးရှုံးနိုင်ဟု ပြဋ္ဌာန်းထားသည်။
၁၉၇၀ ပြည့်နှစ်များတွင် အာဏာပိုင်များက ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုကို အထောက်အထားပြနိုင်သည့်သက်သေခံကပ်ပြား(အမျိုးသားမှတ်ပုံတင်ကတ်ပြား)များကို စတင်သိမ်းဆည်းခဲ့သည်။ မြန်မာနိုင်ငံတွင်း အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုးများ အဖြစ် သတ်မှတ်မခံရတော့ဘဲ ယခင်က နိုင်ငံသားဖြစ်မှု အထောက်အထားများလည်း ပြသနိုင်ခြင်းမရှိတော့သည့်အပြင် ဒေသခံ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၏ လူမျိုးရေးခွဲခြားဆက်ဆံခြင်းများလည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးမြင့်လာသည့်အတွက် ရိုဟင်ဂျာအများစုမှာ မြန်မာနိုင်ငံသားဖြစ်မှုကို ဆုံးရှုံးခဲ့ရသည်။
“နိုင်ငံသားဥပဒေသစ်ကိုရှင်းပြဖို့အတွက် သူတို့က အစည်းအဝေးခေါ်တယ်။ အစည်းအဝေးစတော့ ဥက္ကဋ္ဌက ရှင်းပြတယ်။ ကျွန်တော်တို့ကလည်းနားထောင်ပြီး မှတ်စရာရှိတာ မှတ်တောပေ့ါ။ ကျွန်တော်က နေ့စဥ်မှတ်တမ်းစာအုပ်ထဲ တတ်နိုင်သမျှရေးမှတ်တယ်။ နောက်ဆုံးတော့ သူတို့က နိုင်ငံသားဥပဒေကို သုံးပြီး ကျွန်တော်တို့ကို ခွဲခြားဆက်ဆံဖို့ လုပ်နေတာကို သိလိုက်ရတယ်။ ကျွန်တော်တို့က ကမ္ဘာ့အစိတ်အပိုင်း တစ်ခုအဖြစ်ရှိမနေတော့ဘူးလို့ ခံစားခဲ့ရတယ်”
အဘူလ်ကာလာမ်၊ ၆၉ နှစ်

၁၉၈၄ - ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ရန် နှစ်ပေါင်းများစွာ ကြာခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အဘူလ်ကာလာမ်သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်ပတ်သက်ပြီး ကျေးရွာခေါင်းဆောင်များအား အစိုးရအရာရှိများက အသိပေးသည့် အစည်းအဝေးကို တက်ရောက်ခဲ့သည်။ ၎င်းမှာ အစည်းအဝေးမှ အသေးစိတ်အချက်အလက်များကို အနီးအနားကျေးရွာများသို့ ဖြန့်ဝေပေးရန် တာဝန်ပေးခံခဲ့ရသည်။ အဘူလ်၏ နေ့စဥ်မှတ်တမ်းထဲတွင် အစည်းအဝေးမှ မှတ်စုများမှာ တစ်မျက်နှာ ပြီးတစ်မျက်နှာတိုးလာခဲ့သည်။

“အချိန်တော်တော်များများမှာ လူတွေက လွတ်လပ်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြတယ်။ အသက်အိုးအိမ်တွေကို ကာကွယ်ဖို့အတွက် ဆိုးဝါးလှတဲ့ အကျပ်အတည်းတွေကို အားတင်းခဲ့ကြတယ်။ ဘာသာတရား ဒါမှမဟုတ် အတွေးအခေါ်တွေကို ဟောပြောဖြန့်ဝေဖို့အတွက် သေခြင်းတရားကို မတုန်မလှုပ် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ကြတယ်။ ဒါပေမယ့် ဒီကမ္ဘာမြေမဟီမှာတော့ အာရကန်ပြည်က ရိုဟင်ဂျာတွေဟာ လွတ်မြောက်ရေးအတွက် ပို ခက်ခက်ခဲခဲရုန်းကန်ကြရပြီး၊ သွေးချွေးတွေလည်း ပိုပေးဆပ်ခဲ့ရတယ်”
“နိုင်ငံထဲက တခြားသော မူဆလင်တွေနဲ့ အတူ ရိုဟင်ဂျာတွေဟာ အခု အချိန်မှာတော့ အစိုးရက ထောက်ထားညှာတာမှကို သက်သာရမှာဖြစ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဟာလည်း နောက်ဆုံး စနက်တံတစ်ခုဖြစ်နေပါတယ်”
၁၉၈၄ - ၁၉၈၀ ခုနှစ်များအစောပိုင်းတွင် ရိုဟင်ဂျာအများအပြားသည် ရိုဟင်ဂျာမျိုးချစ်တပ်ဦးမှ ခွဲထွက်ကာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ (R.S.O) ကို ဖွဲ့စည်းခဲ့သည်။ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (R.S.O)က “တရားမျှတမှု” သို့မဟုတ် INSAF အမည်ရ မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ဤစာမျက်နှာ ၁၁ မျက်နှာပါ ဆောင်းပါးသည် INSAF က ဧပြီလ ၁ ရက်၊ ၁၉၈၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် အတွဲ-၁ စာစောင်ထဲ၌ ပါရှိပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၏ လက်တွေ့အမှန်တရားများအပြင် အာရကန်/ရိုဟင်ဂျာသမိုင်းနှင့် ဖိနှိပ်ချုပ်ချယ်သည့် မြန်မာစစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်ပုံတို့ကို ဝေဖန်ရေးသားထားသည်။
၁၉၈၆ - ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (R.S.O)မှတပ်သားများကို မြန်မာ/ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ ပြောက်ကျားစစ်ရေးလေ့ကျင့်မှုအတွင်း တွေ့ရစဥ်။
“ဒီပုံကို ရိုက်တဲ့အချိန်လောက်တုန်းက ကျွန်တော်တို့က ငယ်ရွယ်ပြီး တက်ကြွနေခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကိုယ်ပိုင် လွတ်လပ်ရေးကို ကာကွယ်ဖို့ပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်။ ကျွန်တော်တို့ ကြိုးစားမှရမယ်။ လူငယ်တွေကို ဦးဆောင်လမ်းပြပေးနိုင်ဖို့လိုပြီး တစ်နေ့မှာ ကျွန်တော်တို့ အောင်မြင်မှု ရလိမ့်မယ်လို့ အပြည့်အဝယုံကြည်မှုရှိခဲ့တယ်။ တစ်နေ့မှာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးကို ရယူနိုင်လိမ့်မယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲ”
နူရုလ်အစ္စလာမ်၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊ ၂၀၂၃

၁၉၈၀ ပြည့်နှစ်များ အလယ်ခန့်တွင် အာရကန်ရိုဟင်ဂျာအစ္စလာမ်မစ်တပ်ဦး(ARIF) ကို ဖွဲ့စည်းခဲ့သည်။ တပ်မှူးများနှင့် တပ်သားများကို မြန်မာ/ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ အခြေစိုက်စခန်းတွင် တွေ့ရစဥ်။
“အဲ့ဒီအချိန်က ကျွန်တော်တို့ အရာအားလုံး ဆုံးရှုံးခဲ့တယ်။ တောခိုကြတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ရေးတွေဟာ ဖယ်ရှားခံခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ နာကြည်းချက်တွေကို ဘယ်လိုဖော်ပြရမှန်းတောင်မသိဘူး။ တရားရုံး ကနေ ဒါမှမဟုတ် ငြိမ်းချမ်းရေးလမ်းစဥ်ကနေတစ်ဆင့် ဖြေရှင်းလို့ ရမှာမဟုတ်ဘူးလို့ အဲ့ဒီအချိန်က ကျွန်တော်တို့ ယုံကြည်ခဲ့ကြတယ်။ ဒီဟာက တစ်ခုတည်းသောလမ်းစဥ်ဆိုတာ ကျွန်တော်တို့ သိခဲ့ကြတယ်။ ဖိနှိပ်သူတွေကို ကျွန်တော်တို့ တွန်းလှန်တိုက်ထုတ်မှရမယ်”
နူရုလ်အစ္စလာမ်၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊ ၂၀၂၃
၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်း - အာရကန်ရိုဟင်ဂျာအစ္စလာမ်မစ်တပ်ဦး(ARIF)မှ တပ်သားများ မြန်မာ/ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ရှိ တောတောင်များထဲ၌ လေ့ကျင့်နေကြပုံ။
“ဒီဟာကို လုပ်နေတဲ့ အချိန်တုန်းက ကျွန်တော်တို့ဟာ ဘယ်သူ့လက်အောက်ငယ်သားမှ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ခဲ့သလို ခုလည်း ယုံကြည်နေတုန်းပဲ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဒီမိုကရေစီ၊ တန်းတူညီမျှမှုတို့ကို ယုံကြည်ပြီး လူတိုင်းကိုလည်း လေးစားမှုရှိခဲ့တယ်။ ဒါက ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့အရာတွေပါ။ ဒါပေမယ့် ဖယ်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံက တန်းတူညီမျှမှုအပေါ် အခြေခံ ပြောရင် ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ရေးကို အာမခံချက်ပေးတာလိုချင်ပါတယ်။ ဒီအတွက် ဒီလက်နက်ကိုင် လှုပ်ရှားမှုဟာ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်”
နူရုလ်အစ္စလာမ်၊ ရိုဟင်ဂျာလူကြီးသူမတစ်ဦး၊ ၂၀၂၃

၁၉၉၀ - အာရကန်ရိုဟင်ဂျာအစ္စလာမ်မစ်တပ်ဦး (ARIF) မှ တပ်သားတစ်ဦးက မြန်မာ/ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ပြောက်ကျားစခန်းတစ်ခုတွင် ကိုရမ်ကျမ်းစာကို ဖတ်နေပုံ။

၁၉၈၈ - ၁၉၈၈ ခုနှစ်တွင် အာရကန်ပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။ ရန်ကုန်မှ ရိုဟင်ဂျာကျောင်းသားများက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တောင်းဆိုရာ၌ အခြားသူများနှင့် အတူပါဝင်ခဲ့ကြသည်။ ဆန္ဒပြမှုများကို စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ရိုဟင်ဂျာများအပါအဝင် ထောင်နှင့်ချီသော ကျောင်းသားကျောင်းသူများမှာ ပုန်းအောင်းရခြင်းသို့မဟုတ် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခြင်းများလုပ်ခဲ့ကြရသည်။
“၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီအရေးအတွက် ဆန္ဒပြကြတော့ ကျွန်တော်လည်း ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ပါဝင်ခဲ့တယ်။ တကယ်လို့ နိုင်ငံမှာ ဒီမိုကရေစီရမယ်ဆိုရင် ရိုဟင်ဂျာတွေလည်း အရင်တုန်းက ဌာနေဒေသခံတွေရသလိုမျိုး အခွင့်အရေးတွေရမယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ ၁၉၈၂ ခုနှစ် အနက်ရောင်ဥပဒေကို ကျင့်သုံးခဲ့ကတည်းက ရိုဟင်ဂျာလူထုဟာ မြန်မာနိုင်ငံသားဖြစ်မှုကို ဆုံးရှုံးခဲ့ကြရပေမယ့် တခြားသော မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးဘာသာမရွေးဟာ အတူတကွ ဆန္ဒထုတ်ဖော်ခွင့်ကို ရခဲ့ကြတယ်။ ကျွန်တော်တို့အတူတူ ပြေးလွှားခဲ့ကြရတယ်။ အဲ့ဒါက ဂုဏ်ယူစရာအခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအနေနဲ့ ၁၉၈၈ ခုနှစ်မှာ တိုင်းပြည် ဒီမိုကရေစီရရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ မြန်မာပြည်ထဲက မူလဒေသခံစစ်စစ်တွေပါဆိုတာကို သက်သေပြစရာရှိသလို ယုံကြည်မှုလည်းရှိခဲ့ကြလို့ပါပဲ။ လက်ချင်းချိတ်၊ ပုခုံးချင်းတိုက်ပြီး တော့ ဒီမိုကရေစီသာပြန်ရခဲ့ရင် တန်းတူညီမျှမှုကို သွားနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အတူတကွတိုက်ပွဲဝင်ခဲ့ကြပါတယ်”
Mohammed S

၁၉၈၈ - ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလအစောပိုင်းတွင်ထုတ်ဝေသည့် လုပ်သားပြည်သူ့နေ့စဥ်သတင်းစာ မြန်မာပိုင်းတွင် ရိုဟင်ဂျာများအပါအဝင် (ဓာတ်ပုံဘယ်ဖက်မှ စာတန်းဖြင့်) ကျောင်းသားအဖွဲ့များ ရန်ကုန်မြို့ လမ်းမများထက်တွင် ဆန္ဒပြခဲ့ပုံကို ဖော်ပြခဲ့သည်။ တစ်ပတ်အကြာတွင် အစိုးရစစ်သားများက ဆန္ဒပြသူများကို စစ်အင်အားသုံး၍ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

၁၉၉၁ - ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ရိုဟင်ဂျာဒုက္ခသည်များ အလုံးအရင်းနှင့်ဝင်ရောက်လာမှုကို နိုင်ငံတကာသတင်းစာများက ဖော်ပြခဲ့ပုံ။
၁၉၉၁/၉၂ - မြန်မာနိုင်ငံတစ်ဝန်း မငြိမ်သက်မှုများ ပြန့်နှံ့နေပြီး နိုင်ငံရေးအရ ဖြိုခွင်းမှုများမြင့်တက်လာသည့်အချိန်၌ မြန်မာစစ်တပ်က တစ်နိုင်ငံလုံးရှိ လက်နက်ကိုင်ဆန့်ကျင်မှုများကို စစ်ဆင်ရေးတိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ အာရကန်ပြည်တွင် စစ်တပ်က ရခိုင်နှင့်ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့များကို ပစ်မှတ်ထားခဲ့သည်။ ၁၉၉၁ ခုနှစ်၌ စစ်တပ်က အာရကန်မြောက်ပိုင်းရှိ “ပြည်ပမှလာရောက်သူများ” ဟု ခေါ်ဆိုသူများအား နှင်ထုတ်ရန် စစ်ဆင်ရေးကြီးတစ်ခုကို စတင်ခဲ့သည်။ ပြည်သာယာစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ နှစ်သိန်းခွဲကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ရွှေ့ပြောင်းခိုလှုံခဲ့ရသည်။ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အလုံးအရင်းထွက်ခွာခဲ့ရမှုကို နိုင်ငံတကာမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြသည်။ ၁၉၉၂ နှောင်းပိုင်းနှင့် ၁၉၉၃ ခုနှစ်တွင် ရိုဟင်ဂျာအများစုမှာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

၁၉၉၁/၉၂ - ပြည်သာယာစစ်ဆင်ရေးပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ ဒုက္ခစခန်းတွင်တွေ့ရသည့် ရိုဟင်ဂျာများ။

၁၉၉၁ - ၁၉၉၁ ခုနှစ်တွင် အာရကန်ရိုဟင်ဂျာအစ္စလာမစ်အဖွဲ့မှ ပထမဦးဆုံးထုတ်ဝေခဲ့သော "အာရကန်" (ARAKAN) ဟု အမည်ရမဂ္ဂဇင်းမှာ ပြည်သာယာစစ်ဆင်ရေး၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ဒုက္ခသည်အကျပ်အတည်းကို အဓိကဖော်ပြခဲ့သည်။ ထိုအထဲတွင် ၁၉၉၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ဤအပတ်စဉ်လည်း ပါဝင်ခဲ့သည်။
၁၉၉၂ - ရိုဟင်ဂျာ ဒုက္ခသည်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားတွင် ဆန္ဒပြခဲ့ကြသည်။


၁၉၉၀ ပြည့်နှစ်ကာလများက မောင်တောမြို့မြောက်ပိုင်းရှိ နယ်စပ်လုံခြုံရေးစခန်းတစ်ခု၏ ဓာတ်ပုံ။
၁၉၉၀ ပြည့်နှစ်ကာလများအစောပိုင်းတွင် ဒေသခံအာဏာပိုင်များက ရိုဟင်ဂျာများကို နေ့စဥ်နေထိုင်မှုဘဝများအထိပါ ဖိနှိပ်ကာ လှုပ်ရှားသွားလာခွင့်ကိုလည်း ကန့်သတ်၍ ၎င်းတို့အပေါ် နှောင့်ယှက်ထိပါးမှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ နစက ဟု ခေါ်သည့် နယ်စပ်လုံခြုံရေးအထူးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။ ရခိုင်ပြည်နယ်တစ်ကြောတွင် နစက တပ်ဖွဲ့မှာ ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်သည့် အဓိကလက်သည်များထဲမှ တစ်ဦးဖြစ်လာခဲ့သည်။
ရိုဟင်ဂျာများအပေါ် အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်တစ်ကြောဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများက ရိုဟင်ဂျာလူထုနှင့် ရခိုင်လူထုတို့ကို စည်းခြားခဲ့ပြီး ရိုဟင်ဂျာ တစ်သိန်းကျော်မှာ ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် တပ်မတော်မှ လုပ်ဆောင်ခဲ့သော “နယ်မြေရှင်းလင်းစစ်ဆင်ရေး” အတွင်း ရိုဟင်ဂျာ ထောင်ချီသတ်ဖြတ်ခံခဲ့ရကာ ရခိုင်ပြည်တစ်ဝန်းရှိ ရာနှင့်ချီသော ရိုဟင်ဂျာကျေးရွာများ ဖျက်ဆီးခံခဲ့ရသည်။ ရိုဟင်ဂျာ ခုနစ်သိန်းကျော်မှာ အကြမ်းဖက်မှုများမှ ထွက်ပြေးတိမ်းရှောင်ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းများတွင် ထိုစဥ်မှစ၍ နေထိုင်ကြရသည်။ ကမ္ဘာအနှံ့ရှိ လူ့အခွင့်အရေးအဖွဲ့များနှင့် အစိုးရများက ၂၀၁၆၊ ၂၀၁၇ အကြမ်းဖက်မှုများကိုလူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ခေါ်ဆိုခဲ့ကြသည်။

၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများက မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏ အခွင့်အရေးများနှင့် နိုင်ငံသားဖြစ်မှုတို့ကို ပြန်လည်ဆောင်ကြဥ်းပေးရန်နှင့် အခြားသော လူနည်းစုများအားလုံးအတွက် တရားမျှတမှုတို့ကို တောင်းဆိုသော ပိုစတာများကို ဖန်တီးခဲ့ကြသည်။ ဖော်ပြထားသည့် ပုံမှာ သြဂုတ်လ ၂၅၊ ၂၀၂၃ ခုနှစ်တွင် ရိုဟင်ဂျာများက လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ဖန်တီးခဲ့သည့် ပိုစတာများဖြစ်သည်။