
ဤပရောဂျက်သည် သမိုင်း၊ ဖြစ်တည်မှု၊ ဆက်နွယ်မှု၊ ပါဝင်ပတ်သက်မှုနှင့် လူထုအသိုက်အဝန်းတို့ အကြောင်းကို ဖော်ညွှန်းထားခြင်းဖြစ်သည်။ ထို့ပြင် မှတ်တမ်းမှတ်ရာများကို မေးခွန်းထုတ်ထားသည့် ပရောဂျက်လည်းဖြစ်သည်။ ထို့ထက် အရေးကြီးဆုံးအချက်မှာ မြန်မာစစ်အစိုးရ အဆက်ဆက်နှင့် အခြားသူများက ဆယ်စုနှစ်များစွာ ဖျက်ဆီးရန်ကြိုးပမ်းခဲ့ကြသည့် လူထုအသိုက်အဝန်းတစ်ခု၏ ကိုယ်ပိုင်လက္ခဏာနှင့်သမိုင်းကြောင်းကို ပြန်လည်ဖော်ဆောင်ခြင်းနှင့် ၎င်းတို့ကြံ့ကြံ့ခံ ရုန်းကန်ခဲ့ရမှုတို့ အကြောင်းတို့ကို ဖော်ပြထားခြင်းပင်ဖြစ်သည်။
Ek Khaale
တစ်ရံရောအခါက
Once Upon A Time
ရိုဟင်ဂျာ - ရုပ်ပုံများဖြင့် အတိတ်ကိုပြန်လည်ဖော်ဆောင်ခြင်း
“တကယ်လို့ တစ်ယောက်ယောက်က ရိုဟင်ဂျာတွေရဲ့ ဓာတ်ပုံဟောင်းတွေမြင်ရင် ဒီပုံတွေကပဲ အဲ့ဒီလူကို ရိုဟင်ဂျာလူမျိုးရဲ့ သမိုင်းကြောင်းကို ပြောပြလိမ့်မယ်။ သူတို့ ဘယ်လို ပုံပန်းရှိကြလဲ။ သူတို့ရဲ့ ယဥ်ကျေးမှုက ဘယ်လိုမျိုးလဲ ဆိုတာမျိုးပေါ့။ ဒီဟာတွေကို မြင်ရတဲ့အခါ ရိုဟင်ဂျာတွေအပေါ် ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာကြလိမ့်မယ်”
Rohingya elder, 2023
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူထု၏ သမိုင်းနှင့် စပ်လျဥ်းလျှင် မေးခွန်းထုတ်ခံရခြင်းက အကောင်းဆုံးမျှော်လင့်နိုင်သည့်အခြေအနေဖြစ်ပြီး အဆိုးဆုံးနှင့် လက်တွေ့ရင်ဆိုင်နေရသည်မှာ လုံးလုံးလျားလျား ငြင်းပယ်လျစ်လျူရှုခံရခြင်းပင်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ ကြာကာလအတွင်း အတင်းအကြပ်နေရပ်စွန့်ခွာခံရခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခံရခြင်းနှင့် အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာများ၏ သမိုင်းရုပ်ပုံမှတ်တမ်းအများစုမှာ ပျောက်ဆုံးသွားခြင်း၊ သိမ်းယူခံရခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းများ ရှိခဲ့သည်။ မြန်မာစစ်အစိုးရအဆက်ဆက်နှင့် အခြားသူများက ရိုဟင်ဂျာလူထုကို မြန်မာနိုင်ငံတွင်းမှ ဖယ်ရှားဖျက်ဆီးရန် ကြိုးပမ်းခဲ့ပုံများကို ရိုဟင်ဂျာလူကြီးသူမတစ်ဦးက ရှင်းပြထားသည်။
“သူတို့တွေက ကျွန်တော်တို့ရဲ့ တရားဝင်အထောက်အထားတွေနဲ့ တခြား သက်သေခံအထောက်အထားတွေကို ဘယ်လိုတောင် စနစ်တကျဖျောက်ဖျက်ခဲ့သလဲဆိုတာကို ကမ္ဘာက မမြင်ခဲ့ကြဘူး။ ကျွန်တော်တို့အပေါ် ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုတွေကိုပဲ ကမ္ဘာက မြင်ကြ သိကြတာပါ။ အဲ့ဒီတော့ သူတို့က “ရိုဟင်ဂျာတွေက ဒီကမဟုတ်ဘူး” ဆိုတဲ့ စကားနဲ့ လှည့်ဖျားဖို့ လုပ်ကြတယ်။ သူတို့တွေ ကျွန်တော်တို့အပေါ်ဒီလိုမျိုး ကလောင်သွားနဲ့ လုပ်ခဲ့တာက ကိုယ်ထိလက်ရောက်တိုက်ခိုက်တာတွေထက်ကို အထိနာရတယ်။ သစ်ပင်ကို အမြစ်ကနေ ခုတ်လှဲလိုက်သလိုမျိုးပေါ့။ ဒါကမှ တကယ့် လူမျိုးတုံးသတ်ဖြတ်မှုလို့ ပြောရမယ်”
ရိုဟင်ဂျာအသုံးအနှုန်းဖြစ်သည့် Ek Khaale မှာ တစ်ရံရောအခါက ဟု အဓိပ္ပါယ်ရသည်။
Ek Khaale သည် ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည့် ၎င်းတို့၏ ဇာတိမြေ အာရကန်ပြည်နှင့် တဖြည်းဖြည်းချင်း စနစ်တကျ ဖယ်ထုတ်ခြင်းမခံရမီ ၎င်းတို့ပါဝင်ကူညီတည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံတို့အကြား ၎င်းရိုဟင်ဂျာလူမျိုးတို့၏ ကာလရှည်ကြာစွာရှိလာခဲ့သော နက်ရှိုင်းသည့် ဆက်နွယ်မှုတို့ကို’ ဖော်ကျူးပြသထားခြင်းဖြစ်ပါသည်။
၁
တစ်ရံရောအခါက
ပစ္စုပ္ပန်ကာလကို မေးခွန်းထုတ်နေသော အတိတ်ကာလက ဓာတ်ပုံများ
၂
သူတို့က ကျွန်တော်တို့ကို မငြင်းပယ်ခဲ့ကြဘူး
အာရကန်ပြည်၊ ဘိုးဘွားပိုင် မွေးရပ်မြေ နှင့် အသိအမှတ်ပြုခံရမှု
၃
အမေ့လျော့ခံများ
ဒုတိယကမ္ဘာစစ်ကာလ အာရကန်ပြည်အတွင်း ဂျပန်တို့အား တိုက်ထုတ်စဥ် ပါဝင်ခဲ့မှုများ
၄
တိုင်းသစ်ပြည်သစ်တစ်ခု
လွတ်လပ်ရေးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ တည်ဆောက်မှု
၅
ကျွန်တော်တို့ နိုင်ငံသားတွေ ဖြစ်ခဲ့တယ်
အမျိုးသားမှတ်ပုံတင်ကတ်ပြားများ
၆
ဖြစ်တည်မှု အထောက်အထား
မိသားစုဖြစ်ရပ်များ၊ ဆက်နွယ်မှုနှင့် ကျန်ရှိနေသည့်အရာများ
၇
ကြံ့ကြံ့ခံနိုင်မှု
ရပိုင်ခွင့်များကို ပြန်လည် ဖော်ဆောင်ထိန်းသိမ်းခြင်းနှင့် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ
၈
ဆရာများနှင့် ကျောင်းသားကျောင်းသူများ
မြန်မာ့ပညာရေးလောကထဲမှ ရိုဟင်ဂျာများ
၉
လူထုအသိုက်အဝန်း၏ ဓာတ်ပုံအယ်လ်ဘမ်
လူထုအသိုက်အဝန်းတစ်ခု၏ မှတ်တမ်းဓာတ်ပုံများ
“သမိုင်းသည် လူသားများကြုံတွေ့ခဲ့ရသည့် အတိတ်က အတွေ့အကြုံများ၏ နှစ်လိုဖွယ်ကောင်းမှုကို ထိန်းသိမ်းထားသည်။ သမိုင်းမှာ ဘဝကြေးမုံပြင်ဖြစ်ပြီး ထိုဘဝ၏ လုပ်ရပ်များ၊ စွမ်းဆောင်ရည်များကို အကဲဖြတ်ပေးသည်။ ထိုကြေးမုံပြင်မှတစ်ဆင့်ပင် လူတစ်ယောက်၏ အကြောင်းကို အခြားသူများက သိနိုင်ပြီး၊ ထိုလူကလည်း မိမိကိုယ်ကို ပြန်သိမြင်နိုင်ကာ ကောင်းမွန်မှန်ကန်မှုရှိအောင်လည်း လမ်းညွှန်ပေးနိုင်သည်။ လူတို့၏ အတိတ်သမိုင်းကို မှန်ကန်စွာ ချင့်ချိန်အကဲဖြတ်ခြင်းသည် လက်ရှိပစ္စုပ္ပန်ကာလ၏ အရွေ့နှင့် အနာဂတ်တွင် လုပ်ဆောင်မည့် အပြုအမူလုပ်ရပ်များကို ဖန်တီးပုံဖော်ပေးသည်။”
ရိုဟင်ဂျာ အက်ဆေး - အာရကန် - အတိတ်နှင့် ပစ္စုပ္ပန်ကာလ သမိုင်းအကျဥ်း
ရေးသားသူ- အမည်မသိ ထုတ်ဝေသည့်ရက်စွဲ - ၁၉၈၄ ခုနှစ်၊ ဧပြီလ ၁ ရက်
INSAF Magazine